ပြည်သူ့လွှတ်တော်ဥက္ကဌအသစ် ဦးဝင်းမြင့်ရဲ့ ပထမဆုံးမိန့်ခွန်း

ပြည်သူ့လွှတ်တော်ဥက္ကဌအသစ် ဦးဝင်းမြင့်ရဲ့ ပထမဆုံးမိန့်ခွန်း
ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်ခံရပြီးနောက် အစည်းအဝေးခန်းမထဲမှ ပြန်လည်ထွက်ခွာလာသော ဦးဝင်းမြင့်အား ဖေဖော်ဝါရီ ၁ရက်က တွေ့ရစဉ်(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)

ရွေးကောက်ခံအမတ်နေရာ ၃၂၃နေရာအနက် နိုဝင်ဘာရွေးကောက်ပွဲရလဒ်အရ NLDပါတီက အမတ်နေရာ ၂၅၅နေရာ နေရာရထားသည့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းပထမနေ့အဖြစ် ပြည်သူ့လွှတ်တော်အစည်းအဝေးကို ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်တွင် စတင်လိုက်သည်။ အစည်းအဝေး ပထမနေ့တွင်ပင် ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌများကို NLDပါတီက အဆိုပြုုသူများဖြစ်သည့် ဦးဝင်းမြင့်က လွှတ်တော်ဥက္ကဌ၊ ဦးတီခွန်မြတ်က ဒု-လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်လိုက်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဌ အသစ်စက်စက်ဖြစ်လာသူ တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်၏ လွှတ်တော်အစည်းအဝေးတွင် ပထမဆုံးပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံအား ပြန်လည်ဖော်ပြလိုက်ပါသည်။

"ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးများသို့ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်များ၊ ဒီလွှတ်တော်အစည်းအဝေးကို ခေါ်ယူပေးတဲ့အပြင် ကိုယ်စားလှယ်များ စာရေးသောက်ရေး၊ နေရေးထိုင်းရေး စီစဉ်ပေးတဲ့ သူရဦးရွှေမန်းနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ ဒီနေ့ဟာ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဂုဏ်ယူစရာနေ့တစ်နေ့ဖြစ်ပါတယ်။

အထွေထွေရွေးကောက်ပွဲများကျင်ပပြီး ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ ဒုတိယအကြိမ်လွှတ်တော်ကြီး ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ ပြည်သူများ လိုလားမျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံသူ၊နိုင်ငံသားများက ၎င်းတို့ကိုယ်စား လုပ်ပိုင်ခွင့်လွှဲအပ်ခြင်းခံရတဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။  ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသည်နှင့်အညီ မိမိတို့ရဲ့ အပြောအဆို အပြုအမူ အနေအထိုင်တွေကလည်း အလွန်အရေးကြီးလှပါတယ်။ မိမိတို့ရဲ့ တွေးခေါ်ကြံဆပုံ၊  လုပ်ကိုင်ဆောင်ရွက်ပုံတွေဟာ ဒီမိုကရေစီကျင့်စဉ်များ လူ့အခွင့်အရေးစံနှုန်းများကို ခံစားစံစားလိုကြတဲ့ နိုင်ငံသူနိုင်ငံသားတွေအတွက် စံနမူနာကောင်းတွေဖြစ်စေချင်ပါတယ်။

တစ်ဦးနဲ့တစ်ဦးသဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အပြန်အလှန်လေးစားခြင်း၊ အပြန်အလှန်နားလည်မှုရှိခြင်း၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ အကျိုးကို သယ်ပိုးကြစေလိုပါတယ်။ တစ်ဦးနဲ့တစ်ဦး ရင်းနှီးချစ်ကြည်စွာဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီရှင်သန်ခိုင်မာဖို့နဲ့ လူ့အခွင့်အရေးများမြှင့်တင်နိုင်ဖို့ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ စသည်တို့ကို အတူတကွ လက်တွဲပူးပေါင်း အကောင်အထည်ဖော်ကြရန် တိုက်တွန်းနှိုးဆော်ပါတယ်။

ကျွန်တော်တို့အားလုံးဟာ ကိုယ်ကျိုးစီးပွားထက် အမျိုးသားအကျိုးစီးပွားကို ဦးစားပေးကာ မိမိတို့ကျရာတာဝန်ကိုကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် မိမိတို့ရဲ့ဂုဏ်သိက္ခာကို မြင့်မားစေပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းစာမျက်နှာသစ်ကို ဖွင့်ခွင့်ရကြသူများပီပီ လွှတ်တော်ကြီးရဲ့ ဂုဏ်ဒြပ် ပိုမိုမြင့်မားပြီးတင့်တယ်လာအောင် စွမ်းဆောင်ကြစေလိုပါတယ်။

နိုင်ငံတော်မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ အာဏာကြီးသုံးရပ်အနက် လွှတ်တော်ရဲ့ အဓိကတာဝန်ဟာ ဥပဒေပြုရေးဖြစ်ပါတယ်။ ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူမဖြစ်စေရဆိုတဲ့ ဆိုရိုးစကားနှင့်အညီ လွှတ်တော်ဆိုင်ရာ ဥပဒေနည်းဥပဒေ၊ စည်မျဉ်းစည်းကမ်းတို့ကို လေ့လာဖတ်ရှုပြီး လေးစားလိုက်နာခြင်းဖြင့် ကိုယ်စားလှယ်များရဲ့ ဂုဏ်ရည်ကိုပြသစေလိုပါတယ်။

ဒါ့အပြင် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်များ၊ ကြေညာချက်များဟာ ဒီမိုကရေစီကျင့်စဉ်နဲ့ ညီ၊ မညီ လူ့အခွင့်အရေးစံနှုန်းများနဲ့ ကိုက်၊ မကိုက် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့် ဆီလျော်မှုရှိ၊ မရှိ နိုင်ငံတကာ စာချုပ်၊ စာတမ်းများနဲ့အကျုံးဝင်၊ မဝင် ပြည်သူလူထုအတွက် အကျိုးရှိ၊ မရှိ ပြည်သူလူထုရဲ့ ဘဝလုံခြုံရေးနဲ့ စိတ်လုံခြုံရေးကို အကာအကွယ် ပေး၊ မပေးတို့ကို လေ့လာစီစစ်ကြပြီး ပြင်ဆင် ခြင်း ဖြည့်စွက်ခြင်း ပယ်ဖျက်ခြင်း၊ အသစ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်နေကြရမှာဖြစ်ပါတယ်။

လွှတ်တော်ဥက္ကဌတာဝန်ကို ပေးအပ်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူကြောင်းပြောကြားလိုပြီး
အဂတိတရားကင်းရှင်းစွာဖြင့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီအခွင့်အလမ်းများပွင့်လန်းလာစေရန် နိုင်ငံသူနိုင်ငံသားများရဲ့ အခြေခံလူ့အခွင့်အရေးများပိုမိုရရှိလာစေရန်တို့ကို ကိုယ်စွမ်းဉာဏ်စမ်းရှိသမျှ ကြိုးပမ်းအားထုတ်မည်ဖြစ်ပါကြောင်း လေးနက်တည်ကြည်စွာ ကတိပြုရင်း နိဂုံးချုပ်အပ်ပါတယ်"

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly