လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်သာ အလှဆုံးပဲလို့ ဦးခင်အောင်မြင့်ပြော

လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်သာ အလှဆုံးပဲလို့ ဦးခင်အောင်မြင့်ပြော

နေပြည်တော်(ဇန်နဝါရီ ၂၉)။ ။ လက်ရှိ လွှတ်တော်အမျိုးသမီးအမတ်တွေအကြား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သာ အလှပဆုံးပဲ အမျိုးသမီးအမတ်ဖြစ်သည်ဟု အမျိုးသားသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က အမွှန်းတင် ပြောဆိုလိုက်သည်။

ပထမအကြိမ် လွှတ်တော်သက်တမ်း၏ နောက်ဆုံးနေ့ဖြစ်သော ဇန်နဝါရီ ၂၉ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဦးခင်အောင်မြင့်က လွှတ်တော်သက်တမ်းအတွင်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အကြံပြုတင်ပြစဉ် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“နှစ်သစ်ကူးတိုင်းမှာ ကျွန်တော့ဆီကို ကိတ်မုန့်လက်ဆောင်ပေးလေ့ရှိတာ တစ်ယောက်ပဲ ရှိတယ်။ အဲ့ဒါ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ ပြီးတော့ သူက လွှတ်တော်ထဲမှာလည်း အလှဆုံးပါပဲ” ဟု ဦးခင်အောင်မြင့်က ဆိုသည်။

ဦးခင်အောင်မြင့်က ထိုသို့ပြောဆိုစဉ် အသက် ၇၀ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်အစည်းအဝေးစင်မြင့်သို့ မော့မကြည့်ဘဲ ခေါင်းကိုငုံ့ထားသည်ကိုသာ တွေ့ရသည်။

အကြံပြုစကားပြောဆိုခဲ့သည့် ဦးခင်အောင်မြင့်က “အားလုံးကို လွမ်းနေမယ်နော်” ဟုလည်း အဆုံးသတ်တွင် ပြောဆိုသွားသည်။

ဦးခင်အောင်မြင့်၏ အကြံပြုစကားအပေါ် သတင်းထောက်များပါ အားပါးတရ ရယ်မောကြသည်ကို တွေ့ရသည်။ အဘယ်ကြောင့်ဆိုသော် အမတ်များ၏ အားကြိုးမာန်တက် အလုပ်လုပ်ပုံကို ဟာသနှော၍ ဦးခင်အောင်မြင့်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဒေါက်တာ မြတ်ဉာဏစိုးဆိုရင် လွှတ်တော်ထဲရောက်လာတုန်းက ငယ်ငယ်ချောချောလေး။ အခု မနက်က ကျွန်တော့ရှေ့က ဖြတ်သွားတော့ လက်ပြင်ကို ကုန်းလို့၊ သူ့ကိုခေါင်းပေါင်းလေးပေါင်းပြီး ဆေးတံလေးစွပ်ပေးလိုက်ရင် စုံထောက်ကြီး ဦးစံရှား ကျနေတာပဲ”

“ဒေါ်တင်နွယ်ဦးဆိုရင် ဘယ်လောက်ဆွေးနွေးသလဲဆို ဒီမနက်တွေ့လိုက်တာ သွားတစ်ချောင်းမှ မရှိတော့ဘူး”

“ဒေါ်ခင်ဝိုင်းကြည်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးတုန်းက စာအုပ်ကြည့်ပြီး အကြိတ်အနယ်ဆွေးနွေးတာ။ ဒါပေမယ့် ဆွေးနွေးတဲ့ အခြေခံဥပဒေစာအုပ်က ဖင်မှန်းခေါင်းမှန်း မသိဘူး”

“စကားပြောတာ အမြန်ဆုံးကတော့ ဦးဖုန်းမြင့်အောင်ပါပဲ။ မိနစ် ၂၀အချိန်ပေးတဲ့အတွင်းမှာ သူဆွေးနွေးချင်တာ အကုန်ပြောနိုင်တယ်။ ဒါပေမယ့် ဘာမှ နားမလည်ဘူး” စသဖြင့် ဦးခင်အောင်မြင့်က ပြောဆိုခဲ့သည်။

ဦးခင်အောင်မြင့်သည် နိုဝင်ဘာရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်နေရာအတွက် ထပ်မံအနိုင်ရရှိထားသူ ဖြစ်သည်။

ဦးခင်အောင်မြင့်အား ၁၉၄၆ခုနှစ်တွင် ပဲခူးတိုင်း၊ ဘုရားကလေးကျေးရွာတွင် မွေးဖွားခဲ့သည်။ ၁၉၆၇ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကိုရရှိခဲ့ပြီး ၁၉၉၇ခုနှစ်တွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ Diploma in Defence Security ကို ရရှိခဲ့သည်။

၁၉၆၅ခုနှစ်မှ ၁၉၉၇ခုနှစ်ထိ ကာကွယ်ရေးဝန်ကြီးဌာနတွင် ဒုတပ်မမှူးအဆင့်အထိ အဆင့်ဆင့်တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၉၇ခုနှစ်မှ ၂၀၀၆ခုနှစ်အထိ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးတွင် ဗိုလ်ချုပ်ရာထူးအထိ ညွှန်ကြားရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။

၂၀၀၆ခုနှစ်၊ အောက်တိုဘာတွင် တပ်မတော်မှ ဗိုလ်ချုပ်အဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။ ထို့နောက် ၂၀၀၆ခုနှစ်မှ ၂၀၁၀ခုနှစ်ထိ လေးနှစ်ကြာ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly