NLD ဦးဆောင်မည့် အစိုးရသစ် နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အမေရိကန် အစိုးရ မျှော်လင့်ထားဟုဆို

NLD ဦးဆောင်မည့် အစိုးရသစ် နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အမေရိကန် အစိုးရ မျှော်လင့်ထားဟုဆို
မြန်မာနိုင်ငံသို့ရောက်ရှိနေသော အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr.Tony Blinken သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဇန်နဝါရီ ၁၈ရက်က တွေ့ဆုံစဉ်။ (ဓာတ်ပုံ-မင်းမင်း)

နေပြည်တော်၊ ဇန်နဝါရီ ၁၈ ။ ။ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken သည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ကိစ္စရပ်များကို အစိုးရအရာရှိများ၊ အန်ဂျီအိုများနှင့် ဆွေးနွေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ 

ဇန်နဝါရီလ ၁၈ ရက်တွင် မစ္စတာ Blinken သည် သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့ဝင်များ နှင့် တွေ့ဆုံခဲ့ကာ၊ အာဏာရလာတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ 

မစ္စတာ Blinken နှင့်အတူ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Tom Malinowski လည်း လိုက်ပါလာခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီး မစ္စတာ Blinken ကို မဇ္ဈိမက မေးခွန်းမေးမြန်းမှုကို ၎င်းက ပြန်လည် ဖြေကြားခဲ့ရာတွင် အမေရိကန် ပြည်ထောင်စုသည် အာဏာရလာတော့မည့် NLD အစိုးရနှင့် အတူတကွ အလုပ်လုပ်ရန် မျှော်လင့်ထားကြောင်းနှင့် အာဏာရလာမည့် အစိုးရအနေဖြင့် စိန်ခေါ်မှှုများနှင့် ရင်ဆိုင်ရမည် ဖြစ်သလို အခွင့်အလမ်းများလည်း ရလာလိမ့်မည် ဖြစ်ကြောင်း ပြောခဲ့သည်။ 

၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ အောင်မြင်ခဲ့ခြင်းနှင့် ပတ်သက်၍လည်း မစ္စတာ Blinken က မြန်မာနိုင်ငံသားများအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောခဲ့သည်။ 

“ဒါဟာ ၁၉၉၀ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်ပါ။ နိုင်ငံအနှံ့အပြားက နိုင်ငံသားတွေအားလုံးရဲ့ အသံကို ကြားခဲ့ရပါတယ်။ ပြီးတော့ ဒီတစ်ကြိမ်မှာ သူတို့ရဲ့ဆန္ဒကို အလေးထားခံခဲ့ရပါတယ်” ဟု သူက မီဒီယာများအား ပြောခဲ့သည်။ 

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ခရီးစဉ်မှာ ရွေးကောက်ပွဲဟာ အရေးကြီးလှတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပြီး အဲဒါဟာ အားလုံးရဲ့ အခွင့်အရေးကို အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း ကျွန်တော် ပြောချင်ပါတယ်။ ရလဒ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ ဆယ်စုနှစ်တွေနဲ့ချီပြီး ကြိုးပမ်းခဲ့တယ်ဆိုတဲ့အကြောင်း သက်သေတွေပဲ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

“ဒီနေ့ အခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ အိပ်မက်မက်ရင်တောင် အန္တရာယ်ရှိတဲ့ နှစ်ကာလတွေမှာ ရဲရင့်တဲ့ မြန်မာအများအပြားဟာ အနစ်နာခံခဲ့ကြတာကိုလည်း ရလဒ်တွေက ပြသနိုင်ပါတယ်။ ပြီးတော့ ဒီမိုကရေစီကို ဦးတည်တဲ့ အသွင်ကူးပြောင်းမှှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှှုကိုလည်း ထင်ဟပ်နေပါတယ်။ ဒါကြောင့် ဒီကာလဟာ အခွင့်အလမ်းကောင်းတွေ ရှိနေတဲ့ကာလ၊ အစိုးရသစ် တစ်ရပ် ဖွဲ့စည်းပြီး၊ ကွဲပြားခြားနားမှှုတွေကို ညှိနှှိုင်းဆွေးနွေးမှှုတွေက တဆင့် ကိုင်တွယ်ဖြေရှင်းရေးအတွက် မြန်မာနိုင်ငံက ခေါင်းဆောင်တွေ အတူတူ အလုပ်လုပ်ကြရမယ့် ကာလ ဖြစ်ပါတယ်” ဟုလည်း သူက ဆိုသည်။  

သမ္မတ ဦးသိန်းစိန် နှင့် စစ်ဘက်ခေါင်းဆောင်များ၏ အပြုသဘောဆောင်သော ပြောဆိုချက်များ၊ ရွေးကောက်ပွဲရလဒ်များကို လေးစားမည်ဖြစ်ကြောင်း ကတိပေးခဲ့ခြင်းများ စသည်တို့နှင့် ပတ်သက်၍ အမေရိကန် အစိုးရက ကြိုဆိုကြောင်းလည်း မစ္စတာ Blinken က ပြောခဲ့သည်။ 

နိုင်ငံရေး အသွင်ကူးပြောင်းမှှု နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှှိုင် တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အချက်ကလည်း အားတက်စရာဖြစ်ကြောင်း သူက ပြောခဲ့သည်။  

သို့ရာတွင် လာမည့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် ဒီမိုကရေစီအပြည့်အဝ ရရှိရေး လမ်းကြောင်း၌ ခြေလှမ်းတစ်ခုသာ ရှိသေးကြောင်း သူက အလေးအနက်ထား ပြောကြားခဲ့သည်။ 

“ရှေ့မှာ စိန်ခေါ်မှှုတွေ အများကြီး ရှိနေသေးတယ် ဆိုတာကို ကျွန်တော်တို့ သိကြပါတယ်” ဟု သူက ဆိုသည်။ 

“စီးပွားရေး ဖွံ့ဖြိုးမှှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းလာအောင် အားပေးရပါမယ်။ ပြီးတော့ ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးမှှုမျိုး ဖြစ်ရပါမယ်။ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်ကို ဆက်လုပ်ရမှာပါ။ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း လွှတ်ပေးရပါမယ်။ ပြီးတော့ လူမျိုးဘာသာမရွေး အားလုံးရဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်ပေးရမှာပါ” ဟု သူက ဆိုသည်။

“အရွေးကောက်ခံ အစိုးရတစ်ရပ် လုပ်ပိုင်ခွင့်အာဏာ အမှန်တကယ်ရရှိပြီး ပြည်သူကို ကိုယ်စားပြုနိုင်တဲ့အထိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ဆက်လုပ်ရမှာပါ” ဟု သူက ဆိုခဲ့သည်။ ထို့ပြင် ထိုရည်မှန်းချက်များ ပြည့်မီရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အမေရိကန် ပြည်ထောင်စုသည် မြန်မာအစိုးရသစ်နှင့် နီးကပ်စွာ လက်တွဲကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သူက ပြောခဲ့သည်။ 

ထို့ပြင် အစိုးရသစ် ဦးစားပေး လုပ်ဆောင်ရမည့်၊ ပြည်ပရောက်မြန်မာအလုပ်သမားများ၏ အခြေအနေများ တိုးတက်လာစေရေး အပါအဝင် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် စီးပွားရေး စိန်ခေါ်ချက်များနှင့် ပတ်သက်၍ သူသည် သမ္မတဦးသိန်းစိန်အပါအဝင် လက်ရှိအစိုးရအဖွဲ့ဝင်များနှင့် ဆွေးနွေးခဲ့ကြောင်းလည်း သူက ပြောခဲ့သည်။ 

“မြန်မာနိုင်ငံမှာ အမေရိကန် ကုမ္ပဏီတွေ တာဝန်ယူမှှုရှိရှိ ရင်းနှီးမြှုပ်နှံကြရေးကိုလည်း အမေရိကန် ပြည်ထောင်စုက ဆက်ပြီး အရှိန်မြှင့် ဆောင်ရွက်သွားမှာပါ။ အဲဒါဟာ ဒေသဆိုင်ရာ စီးပွားရေးနဲ့ လုပ်ငန်းတွေကို အားကောင်းစေမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အဲဒါဟာ ငွေလုံးငွေရင်းတည်ထောင်ခြင်း ဖြစ်ပါတယ်။ အရင်းအမြစ်တွေ ထုတ်ယူရုံလောက် မဟုတ်ပါဘူး” ဟု သူက ဆိုသည်။   

အစိုးရနှင့် တိုင်းရင်းသားများအကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ နိုင်ငံရေးဆွေးနွေးမှှု စသည့် ကိစ္စရပ်များအကြောင်းကို ပြောဆိုခဲ့သည်ဟု အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် အမေရိကန် နှင့် အခြားနိုင်ငံများက အကူအညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်းလည်း သူက ပြောခဲ့သည်။ 

“အခုကာလမှာတော့ ထိုးစစ်တွေ အဆုံးသတ်ဖို့နဲ့၊ လိုအပ်နေတဲ့နိုင်ငံသားတွေကို လွတ်လွတ်လပ်လပ် ဝင်ရောက်ကူညီခွင့်တွေ ပေးဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက မဇ္ဈိမအပါအဝင် မီဒီယာအချို့ကို ပြောခဲ့သည်။ 

“သမ္မတ အိုဘားမား ဒီမှာ ပြောသွားခဲ့တာကိုပဲ ကျွန်တော် ထပ်ပြောချင်ပါတယ်။ မတူကွဲပြားမှှုတွေဟာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး အားသာချက်တွေထဲက တစ်ခုလို့ မြန်မာနိုင်ငံသား အများစုက ယုံကြည်ကြတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ ဘာသာရေးနဲ့ လူမျိုးရေးတွေကို အကြောင်းပြုပြီး လူတွေ တစ်ဦးနဲ့ တစ်ဦး မုန်းတီးကြတာဟာ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ခြိမ်းခြောက်နိုင်ပါတယ်” ဟု မစ္စတာ Blinken က ဆိုသည်။

 “ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အပါအဝင်၊ လူမျိုးရေးအရ ဘာသာရေးအရ လူနည်းစုတွေ တွေ့ကြုံခံစားခဲ့ရတဲ့ ခွဲခြားဆက်ဆံမှှုတွေ၊ အကြမ်းဖက်မှှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အလွန်စိုးရိမ်းမိကြောင်းလည်း ကျွန်တော်ပြောချင်ပါတယ်” ဟု သူက ဆိုသည်။

 “(ဒေါ်)အောင်ဆန်းစုကြည် ပြောခဲ့သလိုပဲ၊ အဖြေတွေကတော့ တရားဥပဒေစိုးမိုးရေး၊ တရားဥပဒေကို အားလုံးအပေါ် တန်းတူကျင့်သုံးရေး၊ အကြမ်းဖက်မှှုတွေကနေ အကာအကွယ်ပေးရေး၊ လွတ်လပ်စွာ သွားလာခွင့် နဲ့ အသက်မွေးခွင့်ရှိရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှှု နဲ့ နိုင်ငံရဲ့ ဒီမိုကရေစီ ခရီးမှာ လူတိုင်း တန်းတူအခွင့်အရေးနဲ့ ပါဝင်ခွင့်ရှိရေး စတာတွေပဲ ဖြစ်ပါတယ်” ဟု သူက ပြောခဲ့သည်။ 

မြန်မာအစိုးရသစ်၏ ရှေ့လုပ်ငန်းစဉ်များကို ကူညီနိုင်ရေးအတွက် အမေရိကန်အစိုးရသည် တတ်နိုင်သမျှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း မစ္စတာ Blinken က ပြောခဲ့သည်။ 

မဇ္ဈိမ၏ မေးခွန်းတစ်ခုကို ဖြေကြားရာတွင် မစ္စတာ Blinken က အမေရိကန်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မည့် အစိုးရသစ် နှင့် အတူတကွ လက်တွဲဆောင်ရွက်သွားရန် မျှော်လင့်ထားကြောင်း ပြောခဲ့သည်။ 

 “စိတ်လှှုပ်ရှားမှှုတွေနဲ့ အကောင်းမြင်မှှုတွေ ရှိနေပါတယ်။ ရှေ့မှာ ခက်ခက်ခဲခဲ လုပ်ဆောင်ရမှာတွေ၊ အလွန်ခက်ခဲတဲ့ စိန်ခေါ်မှှုတွေ ရှိနေပါလိမ့်မယ်။ ဒါပေမဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ဖို့အတွက် အစိုးရသစ်မှာ “လျှို့ဝှက်လက်နက်” တစ်ခု ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီ လျှို့ဝှက်လက်နက်ဆိုတာ မြန်မာနိုင်ငံသားတွေရဲ့ ထောက်ခံမှှုကို ဆိုလိုတာပါ။ အဲဒီလို ထောက်ခံမှှုမျိုး ရထားပြီဆိုရင် အရာရာဟာ ဖြစ်နိုင်ပါတယ်။ စိန်ခေါ်မှှုတွေကို ကိုင်တွယ်ဆောင်ရွက်ရေးနဲ့ မြန်မာနိုင်ငံရဲ့ ရှေ့မှောက်မှာ တည်ရှိနေတဲ့ ထူးခြားတဲ့ အခွင့်အလမ်းတွေကို ဆုပ်ကိုင်အသုံးချနိုင်ရေးနဲ့ ပတ်သတ်ပြီး အမေရိကန် ပြည်ထောင်စုဟာ မြန်မာအစိုးရသစ်နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု သူက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly