လက်ပံတန်း ကျောင်းသားသပိတ်တွင် ပါ၀င်သော ကျောင်းသားများ ရုံးထုတ်

လက်ပံတန်း ကျောင်းသားသပိတ်တွင် ပါ၀င်သော ကျောင်းသားများ ရုံးထုတ်
မတ် ၁၀ ရက်က ဖမ်းခံရပြီး မေ ၁၃ ရက်တွင် အသက်မပြည့်သဖြင့် ပြန်လွတ်လာသည့် ကိုးတန်းကျောင်းသား မောင်အောင်မင်းခန့်။ (ဓာတ်ပုံ - စိုးဇေယျာထွန်း)

အာမခံ လျှောက်ထားသူများ ရမရ လာမည့် ရုံးချိန်းတွင် ဆုံးဖြတ်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ လက်ပံတန်း ကျောင်းသားသပိတ်တွင် ပါဝင်ပြီး တရားစွဲဆို ခံထားရသော ကျောင်းသား၊ ကျောင်းသူများကို မေ ၁၂ ရက်က ရုံးထုတ်ခဲ့ပြီး ဖမ်းဆီးခံရသူများ အနက် ၃၀ ခန့်က အာမခံ လျှောက်ထားရာ လာမည့် မေ ၂၆ ရက် ရုံးချိန်းတွင် နှစ်ဘက် ရှေ့နေများ လျှောက်လဲချက် ကြားနာ၍ ဆုံးဖြတ် အမိန့်ချမည်ဟု ကျောင်းသားများအရေး လိုက်ပါဆောင်ရွက်ပေးနေသည့် အကျိုးတော်ဆောင်ရှေ့နေ ဦးရောဘက်ဆန်းအောင်က မဇ္ဈိမကို ပြောသည်။

မေလ ၁၂ ရက် ရုံးချိန်းတွင် ကိုးတန်းကျောင်းသား မောင်အောင်မင်းခန့်ကို အသက်မပြည့်သေးသောကြောင့် ကလေးသူငယ်မှုဖြင့် အာမခံပေးခဲ့ပြီး  ကျန်ကျောင်းသားများကို အာမခံပေးရန်လျှောက်လဲချက်ကို အစိုးရရှေ့နေက ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

ဦးရောဘက်ဆန်းအောင်က “နောက်ရုံးချိန်းမှာ  အာမခံအတွက်လျှောက်လဲချက် ပေးမယ်။ ပြီးရင်အမိန့်ချမယ် ” ဟု ပြောသည်။

လက်ပံတန်းသပိတ်တွင် ပါဝင်ခဲ့သည့် ၂၀၀၀ ခုနှစ်တွင် မွေးဖွားခဲ့သော မောင်မျိုးသီဟကိုမူ ဆရာဝန်ဖြင့် အသက်စစ်ဆေး၍ မှန်ကန်မှုရှိပါက ကလေးသူငယ်မှုဖြင့် အာမခံပေးမည်ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လက်ပံတန်းကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည့်ကျောင်းသား ကျော်ဇော်ခန့်၏ မိခင်ဖြစ်သူ ဒေါ်မာမာမြင့်က “သားကလည်း ပထမ အာမခံမယူဘူး ပြောတယ်။ ဒါပေမယ့် အထဲမှာ ကျောင်းသားတွေ ပြန်တိုင်ပင်ကြပြီးတော့ အာမခံကို ရသလောက်ယူကြဖို့ ပြန်ပြီးဆုံးဖြတ်ခဲ့ကြတာပါ” ဟု ပြောသည်။

ကျောင်းသားသပိတ်တွင် ပါဝင်မှုကြောင့် တရားစွဲဆိုခံထားရသော ကျောင်းသား ၇၀ ခန့် ရှိပြီး သာယာဝတီခရိုင် တရားရုံးတွင် ရုံးထုတ်ခြင်းဖြစ်သည်။ အဆိုပါ  ရုံးချိန်းသည် သာယာဝတီခရိုင်တရားရုံးတွင် ဒုတိယအကြိမ်မြောက်ထုတ်သည့် ရုံးချိန်းဖြစ်ပြီး တရားရုံးချိန်း စုစုပေါင်းမှာင် ခုနစ်ကြိမ် ရှိပြီဖြစ်သည်။  

ကျောင်းသားများအရေး လိုက်ပါဆောင်ရွက်ပေးနေသည့် အကျိုးတော်ဆောင်ရှေ့နေ ဦးသိန်းသန်းဦးက “အထောက်အထားတွေ ထပ်ပြဦးမှာပါ။ အစိုးရဘက်က အာမခံနဲ့ပတ်သက်ပြီး ကန့်ကွက်တယ်။ ဒါပေမယ့် ဒီဘက်က ပြန်လည်လျှောက်လဲချက်ပေးဖို့ အဆင်သင့်ဖြစ်တယ်။ အစိုးရ ရှေ့နေဘက်လျှောက်လဲချက်က အဆင်သင့်မဖြစ်သေးလို့  ၂၆ ရက်ကိုချိန်းထားပါတယ်” ဟု ပြောသည်။

မေလ ၁၂ ရက် ရုံးချိန်းတွင် ပုဒ်မ ၁၃/ ခ အရ အများပြည်သူရှေ့မှောက်တွင် တရားစီရင်ပေးရန် လျှောက်ထားမှုကို  သာယာဝတီခရိုင်တရားရုံးက လက်ခံခဲ့ပြီး တရားစီရင်နေစဉ်ကာလအတွင်း တရားခွင့်သို့ သံရုံးကိုယ်စားလှယ်များ၊ မီဒီယာများနှင့် မိသားစုဝင်များ ဝင်ရောက်ခွင့် ရရှိခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

သို့သော် တရားရုံး တရားခွင်သေးငယ်သည့်အတွက် နေရာအခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်ဟု ဦးသိန်းသန်းဦးက ပြောသည်။

အမှုရင်ဆိုင်နေရသည် ကျောင်းသားများအတွက် မြန်မာနိုင်ငံရှေ့နေများကွန်ရက်နှင့် မိတ်ဘက်ရှေ့နေများ အပါအဝင် စုစုပေါင်းရှေ့နေဦးရေ ၂၀ ခန့်က ကျောင်းသားများအရေး လိုက်ပါဆောင်ရွက်ပေးနေသည်။

ဖမ်းဆီးခံ သပိတ်မှောက် ကျောင်းသားများမှာ လွှတ်တော်က ပြဌာန်းခဲ့သည့် အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြရင်း မတ်လ ၁၀ ရက်တွင် အကြမ်းဖက်နှိမ်နှင်းပြီး  ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ကျောင်းသားသပိတ်တွင် ပါဝင်ပြီး ဖမ်းဆီးခံထားရသူများကို  လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဘုန်းမြင့်က တရားစွဲဆိုထားခြင်းဖြစ်ပြီး စွဲဆိုထားသည့် ပုဒ်မများမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအဝင် လူစုလူဝေးဆိုင်ရာ ပုဒ်မများဖြစ်သည့်  ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊  ၃၃၂ တို့ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly