နောင်ချို-ပြင်ဦးလွင်တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ

15 August 2019
နောင်ချို-ပြင်ဦးလွင်တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ
ဂုတ်တွင်းတံတား ပြင်ဆင်နေ

ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရန်နှင့် ခရီးသွားပြည်သူများ အမြန်ဆုံးအသုံးပြုနိုင်ရေးအတွက် သြဂုတ် ၁၅ ရက်၊ နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရသည့် ဂုတ်တွင်းတံတားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့က ပြုပြင်တည်ဆောက်လျှက်ရှိကြောင်း သိရသည်။

၃လွှာ တစ်ထပ်၊အရှည် ၂၁၀ ပေ၊နှစ်လမ်းသွား ဘေလီတံတားသံဘောင်များကို သြဂုတ် ၁၇ ရက်၊မွန်းလွဲ ၃ နာရီမှ စတင်၍ တည်ဆောက်နေခြင်းဖြစ်ပြီး သြဂုတ် ၂၀ ရက်နေ့တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

(ရိုက်ကူး၊ကိုကိုအောင်၊မဇ္ဈိမ)

တည်းဖြတ် - ဇေယျာမော်

ရှမ်းမြောက် ကွတ်ခိုင် သိန္နီနဲ့ လားရှိုးမြို့များတွင် ပစ်ခတ်မှုများဖြစ်

ရှမ်းမြောက် ကွတ်ခိုင် သိန္နီ နှင့် လားရှိုးများတွင် သြဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းကစပြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှုများသည်  သိန္နီ - ကွမ်းလုံ - ချင်းရွှေဟော် ကားလမ်းတွင် ဖြစ်ပွားခဲ့ပြီး တံတားအချို့လည်း  ချိုးဖျက်ခံခဲရသည်။

လားရှိုးမှ သိန္နီဘက်အထွက်တွင် တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာတစ်ရွာပိတ်မိနေဟုဆို

လားရှိုးမှ သိန္နီဘက်အထွက်နားရှိ မီးရှို့ခံခဲ့ရသောတိမ်ဖြူပန့်ဆီဆိုင်အနီးရှိ နမ့်တွန်းရွာသားများမှာ ရွာပြင် ထွက်မရဘဲ ပိတ်မိနေသည်ဟု သတင်းရရှိထားကြောင်း လားရှိုးလူငယ်များလူမှု့ကူညီရေးအဖွဲ့မှ ကိုအောင်ကျော်ဦး ကမဇ္စျိမသို့ ပြောသည်။  သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59743

ပစ်ခတ်ခံရမှုကြောင့် လားရှိုးလူငယ်ပရဟိတအသင်းဥက္ကဋ္ဌ သေဆုံး

လားရှိုးမြို့အထွက် ၁၂ မိုင် ရဲကင်းအနီးတွင် မီးလောင်နေသည့် ဆီဆိုင်များအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် သွားရောက်သည့် လားရှိုးလူငယ်ပရဟိတအသင်းကား ပစ်ခတ်ခံခဲ့ရပြီး ဥက္ကဋ္ဌ ဖြစ်သူ သေဆုံးသွားခဲ့ရသည်ဟု လားရှိုးမြို့မှ ကမ္ဘောဇအသင်းတာဝန်ရှိသူတစ်ဦးက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။ သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59737

မန္တလေး-နောင်ချို-လားရှိုးလမ်းရှိ ဂုတ်တွင်းတံတား အခြေအနေ

မန္တလေး-နောင်ချို-လားရှိုးလမ်းရှိ ဂုတ်တွင်းတံတား အခြေအနေနှင့်ပတ်သက်ပြီး သြဂုတ် ၁၇ ရက်နေ့ နံနက် ၉ နာရီတွင် ဘေလီသံဘောင်များ သယ်ယူလာသည့် ပထမအသုတ် မော်တော်ယာဉ်မှာ ဂုတ်တွင်းတံတား လုပ်ငန်းခွင်သို႔ ရောက်ရှိလာပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

(၃)လွှာ တစ်ထပ် အရှည် (၂၁၀ ပေ) ဘေလီသံဘောင် တံတားထိုးခြင်းလုပ်ငန်းကို အမြန်ဆုံး ဆောင်ရွက်လျက်ရှိကြောင်း ကြေညာသည်။

ဓာတ်ပုံ-ဆောက်လုပ်ရေးဝန်ကြီးဌာန