ထန်တလန်မြို့နယ် ပြန်လည်နေရာချထားရေး ကော်မီတီက စစ်ဘေးရှောင်များကို ကျပ်သိန်း ၂၇၀၀ ကျော် ကူညီ

ထန်တလန်မြို့နယ် ပြန်လည်နေရာချထားရေး ကော်မီတီက စစ်ဘေးရှောင်များကို ကျပ်သိန်း ၂၇၀၀ ကျော် ကူညီ

ဖေဖော်ဝါရီ ၁၉

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် မီးဘေးသင့် ပြည်သူများနှင့် စစ်ဘေးရှောင်များ အတွက် ထန်တလန်မြို့နယ် ပြန်လည် နေရာချထားရေး ကော်မီတီ IDPs Help က ကျပ်သိန်း ၂၇၀၀ ကျော် ကူညီ ပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

၂၀၂၁ မှစ၍ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ စားနပ်ရိက္ခာ ၊ အဝတ်အစားနှင့် အသုံးဆောင်၊ ကျန်းမာရေး၊ ပညာရေး၊ အရေးပေါ် ကူညီကယ်ဆယ်ရေးနှင့် မီးဘေးကြောင့် နေအိမ် ဆုံးရှုံးခဲ့ရ သူများအား ထောက်ပံ့ ကူညီ ပေးခဲ့ကြောင်း ဆိုသည်။

“ကျွန်တော်တို့ အနေနဲ့ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး ကိစ္စများက အရေးအကြီးဆုံး အခက်အခဲ စိန်ခေါ်မှုတွေ ဖြစ်ပါတယ်” ဟု TPAC က ပြောသည်။

စားနပ်ရိက္ခာ အတွက် ပြည်တွင်း၊ ပြည်ပ စစ်ဘေးရှောင်များအားဆန် ၂၃၅၈ အိတ်နှင့် ဆီ ၊ ပဲ ၊ အာလူး အိတ်-အထုပ် ၅၃၉ ထုပ် ပို့ပေးခဲ့ရာ ကျပ် သိန်း ၁၀၀၀ နီးပါးနှင့် အဝတ်အစား၊ စောင်များ အတွက် ကျပ်သိန်း ၅၀၀ ရာကျော် အသုံးပြုခဲ့ကြောင်း သိရသည်။

ကျန်းမာရေးတွင် COVID-19 ရောဂါ ကာကွယ်ရေး ပစ္စည်းများနှင့် ဆေးဝါးများ အတွက် ကျပ်သိန်း ၂၀၀၊ ပညာရေး အစပြုနိုင်ရန် စာရေး ကိရိယာ အဆောက်အဦများ အတွက် ကျပ်သိန်း ၃၀၀ အသုံးပြုခဲ့ကြောင်း ဆိုသည်၊

ပြည်တွင်းရှိ ပိုမိုခက်ခဲသော မိသားစု ၂၀၀ အား ကျပ် ၁၀၀,၀၀၀ နှုန်းဖြင့် ကျပ်သိန်း ၂၀၀၊ နေအိမ် မီးလောင် ဆုံးရှုံးခဲ့သည့် မိသားစု ၄၀၀ အတွက် တအိမ်ထောင်လျှင် ကျပ်၁၅၀,၀၀၀ နှုန်းဖြင့် ကျပ်သိန်း ၆၀၀ အသုံးပြုခဲ့ကြောင်း ဖော်ပြသည်။

လက်ရှိ မွေးကင်းစ ကလေး သေဆုံးမှုများ ရှိနေပြီး မိခင်နှင့် ကလေး အဟာရ မပြည့်ဝမှု၊ ဆေးဝါး လုံလောက်မှု နှင့် မရှိခြင်းများ ကြုံနေရပြီး ယခင်နှစ်က COVID-19 နှင့် အခြားရောဂါကြောင့် လူ ၁၀ ဉီး အသက် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

COID-19 ရောဂါ ကာကွယ်ဆေး အလှူရှင်များ အကူအညီဖြင့် အထူးဦးစားပေး အုပ်စုများအား ထိုးနှံရန် စီစဉ်လျက်ရှိကြောင်း စစ်ဘေးရှောင်များသည် စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ခံစားနေရ၍ သာမန်ထက် ထိခိုက်လွယ်ကြောင်းဆိုသည်။

ထန်တလန်မြို့နယ်အတွင်း ကြုံတွေ့နေရသော အခက်အခဲများအား စာနာထောက်ထား သောအားဖြင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်များ အကူအညီ ပေးမှုအား အထူး ကျေးဇူးတင်ရှိကြောင်း TPAC အား ယုံကြည်စွာ လှူဒါန်းမှုအား အမှန်တကယ် ခက်ခဲနေသူများထံ ရောက်ရှိစေရေး အတတ်နိုင်ဆုံး ကြိုးပမ်းမည် ဖြစ်ကြောင်း တာဝန်ရှိသူက ဆိုသည်။

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့် ပစ်ခတ်ပြီး မီးတင်ရှို့မှုကြောင့် ခရစ်ယာန် ဘုရားကျောင်းများ အပါအဝင် လူနေအိမ် ၁၀၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly