မြန်မာပြည်သူများ၏ ဆန္ဒကို နက်ရှိုင်းစွာ နားထောင်ရန် အာဆီယံကို NUG တောင်းဆို

မြန်မာပြည်သူများ၏ ဆန္ဒကို နက်ရှိုင်းစွာ နားထောင်ရန် အာဆီယံကို NUG တောင်းဆို
Photo- NUG (Daw Zin Mar Aung)

ဖေဖော်ဝါရီ ၁၉

အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီး နောက်ဆက်တွဲ ပြဿနာများကို ဖြေရှင်းရန် စုပေါင်းဆွေးနွေး အဖြေရှာရာတွင် ဒီမိုကရေစီလိုလားနေသော ပြည်သူများ၏ ဆန္ဒကို နက်ရှိုင်းစွာ နားထောင်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုလိုက်သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ NUG နိုင်ငံခြားရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဗွီဒီယို မိန့်ခွန်းဖြင့် ပေးပို့သည့် ထုတ်ပြန်ချက်တွင် ထိုသို့ထည့်သွင်း ပြောဆိုထားခြင်း ဖြစ်သည်။

“ကျွန်မတို့ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းကို အသိအမှတ်ပြုပေးရန်လည်း တောင်းဆိုပါတယ်” ဟု ဒေါ်ဇင်မာအောင်က ထုတ်ပြန်ချက်တွင် ပြောထားသည်။

အာဏာသိမ်း စစ်ကောင်စီသည် အာဆီယံ ထိပ်သီးအစည်းအဝေး ဘုံသဘောတူညီချက် ၅ ရပ်ကို သဘောတူလက်ခံခဲ့သော်လည်း လက်တွေ့တွင် သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် ဟန့်တား ပိတ်ပင်မှုများ ပြုလုပ်နေသကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုများလည်း နေ့စဉ်ဆက်တိုက် ပြုလုပ်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောထားသည်။

“အဖြေရှာရေးအတွက် အာဆီယံအဖွဲ့ကြီးနဲ့ ဆက်ဆံပူးပေါင်းဆောင်ရွက်လိုတဲ့ မိမိတို့ရဲ့ ကတိကဝတ်ကို အမျိုးသားညီညွတ်ရေးအစိုးရက တစ်သမတ်တည်း ထပ်လောင်းပြောလိုပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူများနှင့် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုအားလုံးအတွက် တရားမျှတမှုရရှိရေးနှင့် တာဝန်ခံမှုရှိရေးကို တက်တက်ကြွကြွလုပ်ဆောင်ရန် NUG က ကတိပြုထားပြီး ယင်းတွင် ၁၉၈၂ နိုင်ငံသားဖြစ်ရေးဥပဒေ အပါအဝင် ဥပဒေများ ရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ ပြဋ္ဌာန်းခြင်းတို့ကို ဖွဲ့စည်းပုံသစ်ရေးဆွဲရေးလုပ်ငန်းစဉ်တွင် ခွဲခြားမရသောအစိတ်အပိုင်း တစ်ရပ်အဖြစ်ပါဝင်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပြောထားသည်။

တိုက်ပွဲများကြောင့် ထွက်ပြေးနေရသော ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များကို ကူညီနိုင်ရန် စစ်ကောင်စီ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေ၍ မရဘဲ နယ်စပ်ဖြတ်ကျော် အကူအညီများပေးအပ်ရန် အတွက် အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ အိန္ဒိယ၊ တရုတ်တို့နှင့် လက်တွဲဆောင်ရွက်လုပ်ဆောင်သင့်ကြောင်း အာဆီယံကို NUG က တိုက်တွန်းထားသည်။

စစ်ကောင်စီအနေဖြင့် အရပ်သားပစ်မှတ်များကို လေကြောင်းမှတိုက်ခိုက်ခြင်းမပြုလုပ်ရန်၊ PDF များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAO) ထိန်းချုပ်ထားသည့် နယ်မြေများတွင် စစ်ဆင်တိုက်ခိုက်ခြင်း များကို ခြွင်းချက်မရှိ ရပ်ဆိုင်းထားရေး စစ်ကောင်စီက ကတိပြုရန်နှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ ရာဇဝတ်မှုများ၊ အရပ်သားပိုင် အိုးအိမ်ပစ္စည်းများကိုမီးရှို့ဖျက်ဆီးခြင်းများအပါအဝင် စစ်ရာဇဝတ်မှုများကို လွတ်လပ်သည့်စုံစမ်းစစ်ဆေး ခြင်းများပြုလုပ်နိုင်ရန် ခွင့်ပြုမှသာ အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်နိုင်ရေးကို အမှန်တကယ်ဆောင်ရွက်နိုင်မည်ဟု NUG က ထုတ်ပြန်ချက်တွင် ပြောထားသည်။

စစ်အာဏာသိမ်းပြီးနောက် နေရာအနှံ့ လက်နက်ကိုင်ခုခံတော်လှန် တိုက်ပွဲများ ဖြစ်ပွားနေပြီး လက်ရှိကရင်နီ ပြည်နယ်၊ မိုးဗြဲမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီက ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို မြေပြင် သာမက ဝေဟင်ကပါ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ဒေသတွင်းက အရပ်သားနေအိမ် အများအပြား ပျက်စီးဆုံးရှုံးမှုနှင့် အရပ်သားသေဆုံးမှုများရှိနေပြီး ပြည်သူအများအပြားလည်း ဘေးလွတ်ရာသို့ စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required