ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးပဋိညာဉ်၌ မြန်မာပါဝင်မှုကို ပယ်ချရန် ဖိလစ်ပိုင် ဆုံးဖြတ် 

ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးပဋိညာဉ်၌ မြန်မာပါဝင်မှုကို ပယ်ချရန် ဖိလစ်ပိုင် ဆုံးဖြတ် 

ဖေဖော်ဝါရီ ၁၉

ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်ရေးပဋိညာဉ်၌ မြန်မာပါဝင်မှုကို ပယ်ချရန် နယူးဇီလန်နိုင်ငံက ဆုံးဖြတ်ထားသည့်အတိုင်း ဖိလစ်ပိုင်နိုင်ငံကလည်း လိုက်ပါလုပ်ဆောင်လာခဲ့သည်။ 

အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် ဆူပူအကြမ်းဖက်မှုများ ပေါ်ပေါက်ကာ ဒီမိုကရေစီ နောက်ကြောင်းပြန်သွားစေသည့် စစ်တပ်၏ အာဏာသိမ်းမှုကို နိုင်ငံတကာက ဆန့်ကျင်ကန့်ကွက်ပြီး ကုန်သွယ်ရေးနှင့် သံတမန်ရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ကျယ်ကျယ်ပြန့်ပြန့် ချမှတ်နေခြင်း ဖြစ်သည်။ 

ဖိလစ်ပိုင် နိုင်ငံအနေဖြင့် ဇန်နဝါရီ ၁ ရက်နေ့က အသက်ဝင်သော အဖွဲ့ဝင် ၁၅ နိုင်ငံပါ ဒေသတွင်း ကျယ်ပြန့်သော စီးပွားရေး မိတ်ဖက်ပြုမှု RCEP ၏ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်တွင် မြန်မာနိုင်ငံက တရားဝင်စာချုပ်စာတမ်းဖြင့် ပါဝင်ခြင်းကို လက်ခံလိမ့်မည်မဟုတ်ဟု ကမ္ဘောဒီးယားတွင် ကျင်းပသော အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin Jr က ကြာသပတေးနေ့တွင် ပြောခြင်း ဖြစ်သည်။  

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်၌ မနီလာတွင် သတင်းထောက်များအား ပြောရာ၌ Locsin က ဖိလစ်ပိုင်နိုင်ငံ၏ ယခု ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး မည်သည့် အကြောင်းပြချက်ကိုမှ ကိုးကားခြင်း မရှိဘဲ မြန်မာနိုင်ငံပါ ပါဝင်သော အာဆီယံအုပ်စုက အဆိုပါ ပဋိညာဉ်၌ မြန်မာနိုင်ငံအား ဖယ်ချန်ထားရေးတွင် တညီတညွတ်တည်း ရပ်တည်ခဲ့ပါက ၎င်းအနေဖြင့် ထောက်ခံရန် အသင့်ရှိကြောင်း ပြောခဲ့သည်။ 

အာဆီယံ ဆယ်နိုင်ငံနှင့်အတူ တရုတ်၊ ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် တောင်ကိုရီးယားတို့ပါဝင်သည့် RCEP အုပ်စုဝင် အခြားနိုင်ငံများက ကုန်သွယ်ရေး ပဋိညာဉ်၌ မြန်မာပါဝင်ခြင်းကို ပယ်ချရန်နှင့် အုပ်စုမှ နောက်ဆုံး တားမြစ်သွားရန်အရေးတွင် မည်သို့သော သဘောရှိသည်ကို မသိရသေးပေ။ 

စစ်တပ်ဦးဆောင်သော အစိုးရကို ဆန့်ကျင်ခြင်းအားဖြင့် RCEP ကုန်သွယ်ရေး အဖွဲ့ကြီးတွင်  မြန်မာနိုင်ငံ ပါဝင်သည့် စာချုပ်စာတမ်းများကို အသိအမှတ် ပြုမည်မဟုတ်ကြောင်း အဖွဲ့ဝင် အခြားသော နိုင်ငံများသို့ နယူးဇီလန်က အကြောင်းကြားထားကြောင်း အာရှသံတမန်နှစ်ဦးက ယခုသီတင်းပတ်၌ The Associated Press သို့ ပြောသည်။ 

စစ်အာဏာသိမ်းမှုကို မြန်မြန်ဆန်ဆန် ကန့်ကွက်သော အနောက်နိုင်ငံများတွင် နယူးဇီလန်နိုင်ငံလည်း အပါအဝင်ဖြစ်ပြီး မြန်မာ စစ်တပ်နှင့် အဆင့်မြင့်နိုင်ငံရေး အဆက်အသွယ် အားလုံးကို ရပ်ဆိုင်းထားပြီး နိုင်ငံရေး ခေါင်းဆောင်များ အားလုံးအား ချက်ချင်းပြန်လွှတ်ရန်နှင့် အရပ်သား အုပ်ချုပ်ရေးဆီ ပြန်သွားရန် တိုက်တွန်းထားသည်။ မြန်မာ စစ်ဗိုလ်ချုပ်ကြီးများကိုလည်း ခရီးသွားလာရောက်ခွင့် ပိတ်ပင်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly