ရန်ကုန်၊ ဇန်နဝါရီ ၁၇ ။ ။ ရန်ကုန်မြို့တွင်း ဆူးလေကနေ ၁၇ ကီလိုမီတာအကွာ၊ ပဲခူးမြစ်ဘေးမှာ တည်ရှိနေတဲ့ ယုဇနဥယျာဉ်အိမ်ရာကိုတော့ အားလုံးက သိရှိထားကြပါတယ်။ မြို့ထဲကနေ အဲဒီနေရာကို မရပ်နားဘဲကားနဲ့ သွားမယ်ဆိုရင်တော့ မိနစ် ၃၀ကျော် မောင်းနှင်ရပါတယ်။
ယုဇနအိမ်ရာကိုရောက်ခါနီးလေ စီးနင်းလာတဲ့ကားရဲ့ ဂျိုင့်စောင့်တဲ့ဒဏ်တွေက ပိုလို့ပိုလို့ကိုများလေ ဖြစ်ပါတယ်။ အိမ်ရာအတွင်းလမ်းတွေမှာလည်း ကားတစ်စီးက တစ်နာရီကို ၁မိုင်နှုန်းလောက်နဲ့ပင် မောင်းနှင်သွားရ လောက်အောင် ဆိုးဝါးလှပါတယ်။
အဲဒီအိမ်ရာက မြို့သစ်တစ်ခုဖြစ်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာ ပါရှိတာဖြစ်ပါတယ်။ မြို့သစ်အတွင်းမှာ တိုက်ခန်းတွေကို ဆောက်လုပ်ပြီး အိမ်ရာအဖြစ်ဖော်ဆောင်ထားတာပါ။ တစ်ခြား ဒဂုံဆိပ်ကမ်းမြို့နယ်ရပ်ကွက် တွေကတော့ လူနေအလွန်နည်းပါးကြပါတယ်။
ယုဇနဥယျာဉ်မြို့တော်(၉၄ရပ်ကွက်လို့လည်းခေါ်နိုင်ပါတယ်)မှာ လူဦးရေ ၅သောင်းကနေ ၆သောင်းအထိ နေထိုင်တယ်လို့ ဒဂုံဆိပ်ကမ်း အထွေထွေအုပ်ချုပ်ရေးရုံးရဲ့ စာရင်းတွေအရသိရှိရပါတယ်။ အဲဒီပမာဏက ဒဂုံဆိပ်ကမ်းတစ်မြို့နယ်လုံးက လူဦးရေ တစ်သိန်းကျော်ရဲ့ သုံးပုံနှစ်ပုံလောက်လည်း ရှိနေတယ်လို့ဆိုပါတယ်။
ယုဇနဥယျာဉ်မြို့တော်မှာတော့ တိုက်ခန်းပေါင်း တစ်သောင်းနီးပါးအထိနေထိုင်နေကြပါတယ်။ အဲဒီတိုက်ခန်း တစ်သောင်းကလည်း လူနေထိုင်လို့ရတဲ့ အခန်းတွေပဲဖြစ်ပါတယ်။ ဆောက်လုပ်ဆဲနဲ့ ရပ်တန့်ထားတဲ့ တိုက်ခန်း တွေလည်း များစွာရှိနေပါတယ်။
အဲဒီအိမ်ရာတွေကို နိုင်ငံတော်ငြိမ်းဝပ်ပိပြားရေးအဖွဲ့လက်ထက် ၁၉၉၄ခုနှစ်ဝန်ကျင်းမှာ ယုဇနဦးဌေးမြင့်ရဲ့ ယုဇနဆောက်လုပ်ရေးက တည်ဆောက်အကောင်အထည်ဖော်ခဲ့တာပဲဖြစ်ပါတယ်။
ယုဇနဦးဌေးမြင့်ကတော့ ၂၀၁၀ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကနေ မြိတ်မြို့နယ်ပြည်သူ့လွှတ်တော် အမတ်အဖြစ်အနိုင်ရရှိထားသူ ခရိုနီသူဌေးကြီး တစ်ဦးလည်းဖြစ်ပါတယ်။
သူအကောင်အထည်ဖော်ခဲ့စဉ်ကတော့ အိမ်ရာရေပြည်သူတွေ သုံးစွဲဖို့ရေအတွက် မြေအောက်ရေကို စက်နဲ့ တူးဖော်သိုလှောင်ကာ တိုက်တွေဆီကို ဖြန့်ဝေပေးခဲ့ပါတယ်။ သူတို့ဆီကဖြန့်ဝေပေးတဲ့ရေက မြစ်ရေပမာ အဝါရောင်အဆင်းရှိတဲ့ရေတွေဖြစ်ပြီး၊ ရရှိသည်နှင့် တစ်ခါတည်းသုံးစွဲနိုင်တဲ့အဆင့်မရှိပါဘူး။
သန့်ရှင်းတဲ့သုံးရေ၊ ရေမြောင်းများသန့်ရှင်းရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ လမ်းများပြုပြင်ထိန်းသိမ်း ရေး စတဲ့ကိစ္စတွေက ယုဇနဆောက်လုပ်ရေးနဲ့မဆိုင်တော့ပဲ သက်ဆိုင်ရာအစိုးရဌာနတွေကသာ လုပ်ပေးရမှာ လို့လည်း ယုဇနဦးဌေးမြင့်က ရေသန့်ရရှိရေး ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်နဲ့ ၂၀၁၅ခုနှစ်အတွင်း ဆွေးနွေးစဉ်က ဆိုခဲ့ပါတယ်။
ရေရရှိပြီးသည်နှင့် တစ်ရက်ခန့်ထားရှိပြီးနောက်တစ်နေ့မှသာ ကြည်လင်သည့်ရေကို အနည်းငယ်ရရှိပါတယ်။ ရေအရသာကတော့ ပေါ့တော့တော့အရသာရှိလို့ အိမ်ရာနေတဲ့လူတွေက အနီးနားဝန်းကျင်မှာ တွန်းလှည်းတွေ နဲ့ရောင်းတဲ့ ယုဇနအိမ်ရာက ဖြန့်ဝေတဲ့ရေထက် အနည်းငယ်ကောင်းတဲ့ရေကို ဝယ်ယူအသုံးပြုကြပါတယ်။
အိမ်ရာဆိုသည်နှင့် တစ်ပေသာသာရှိတဲ့ ရေမြောင်းတွေကို ဖောက်ထားပေမယ့်လည်း လူနေထူထပ်မှု၊ နေထိုင်သူများ စည်းကမ်းမဲ့အမှိုက်လွှင့်ပစ်ခြင်းတို့ကြောင့် မသန့်ရှင်းတဲ့ရေဝပ်နေခြင်း၊ နောက်ဖေးလမ်းကြားထဲ စွန့်ပစ်အမှိုက်တွေနဲ့ ပြည့်လျှံလို့ ရေမြောင်းတွေပိတ်ဆို့နေတာ၊ ရေညစ်တွေစီးဆင်းမှုမရှိလို့ ခြင်များစွာပေါက်ပွား ပြောများနေတာတွေကိုတော့ ယုဇနအိမ်ရာနေ ပြည်သူတွေက ဆယ်စုနှစ်တစ်ခုကျော်ကျော် ရင်ဆိုင်နေရပါပြီ။ အခုလည်း ဆက်လက်ရင်ဆိုင်နေရဆဲပါ။
"မိုးတွင်းမိုးရွာတာနဲ့ ရေတက်တယ်။ အပေါ်ဆုံအထပ်တွေဆိုရင် ရေယိုတယ်။ အမိုးတွေကအင်္ဂတေတွေ ကလည်း ပဲ့ကျတယ်။ တိုက်တွေရဲ့သက်တမ်းတွေကလည်း ကြာနေပြီလေ။ ပြောမယ်ဆိုရင် ပြောစရာတွေက များပါတယ်။" ဟု ယုဇနအိမ်ရာနေ မဇင်မာက ဆိုပါတယ်။
မြို့နယ်စည်ပင်ကတော့ လစဉ်အမှိုက်သိမ်းဆည်းခဟုဆိုကာ တစ်လ ၃၀၀ကျပ်ကို လစဉ်ကောက်ခံနေပါတယ်။
"ကျွန်တော်တို့ကနောက်ဖေးလမ်းကြားကအမှိုက်တွေကိုမသိမ်းပါဘူး။ သိမ်းချင်တယ်ဆိုရင်ကိုယ်တိုင် လုပ်ရ မှာပါ။ အမှိုက်သိမ်းနိုင်ဖို့ ပစ္စည်းကိုတော့ စည်ပင်ကနေပြီးငှားယူသုံးစွဲလို့ရပါတယ်။" လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းမှုဌာနက နောက်ဖေးလမ်းကြားသန့်ရှင်းရေးနှင့် ပတ်သက်ပြီး အမှိုက်မှ စွမ်းအင်ထုတ်လုပ်တဲ့ လုပ်ကိုင်ခွင့်လေလံကြေငြာခြင်း သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
အခုတော့ အဲဒီရေအစား ပြီးခဲ့တဲ့ ၂၀၁၅ခု နှစ်လယ်ပိုင်းမှာ စည်ပင်ရေအစားထိုးပေးလို့ စည်ပင်ရေကိုပဲ အခန်းပေါင်း တစ်သောင်းထဲက အခန်း ရှစ်ထောင်လောက်က သွယ်ယူအသုံးပြုနေကြလို့ သန့်ရှင်းတဲ့သုံးစွဲမှု အခက်အခဲတွေ က ယုဇနမှာ စတင်ဖြစ်ပေါ်နေပါတယ်။
"ရေမလာတာက ရေဖြတ်မယ်လို့ပြေတဲ့ ၂ရက်မတိုင်ခင်က၊ အခုရေတစ်စည်ကို အရင် ၃၅၀၀၊ အခု၅၀၀ဆိုပြီး လိုက်ရောင်းတယ်။ ၃၅၀၀တုန်းကတော့ ပေးဝယ်ပြီးသုံးသေးတယ်။ အခု ၅၀၀၀ဆိုတော့ မသုံးနိုင်ဘူး။ ရေမလာ လို့ ရေကော်မတီကိုလှမ်းမေးတယ်အရင်ကတော့ အခုအဲဒီဖုန်းကလည်း ဆက်လွန်းလို့ ဆိုပြီး နောက်တစ်လုံး ပြောင်းလိုက်တယ်။" လို့ ယုဇနအိမ်ရာ ဘီဘလောက် လေးလွှာမှာ ၆နှစ်ကျော်နေထိုင်နေထိုင်နေတဲ့ မဖြိုးက ဆိုပါတယ်။
ယုဇနအိမ်ရာကတော့ အေ၊ ဘီ၊ စီဆိုပြီး ဘလောက်သုံးခုရှိပြီး၊ ဘလောက်တစ်ခုတိုင်းမှာလည်း ၁ လမ်းမှ ၁၅ လမ်း ဝန်းကျင်အထိရှိပါတယ်။
၂၀၁၅ခုနှစ် ဒီဇင်ဘာ နှစ်လယ်ပိုင်ကစတင်ဖြန့်ဝေပေးတဲ့ စည်ပင်ရေသွယ်တန်းနိုင်ဖို့ကို တိုက်ခန်းတစ်ခန်းကို သွယ်တန်းခ တစ်သိန်းသုံးသောင်းစီကျခံသွယ်သွန်းခဲ့တာဖြစ်ပါတယ်။ စည်ပင်ကတော့ သက်ဆိုင်ရာရေကိုသာ ပို့လွှတ်ပေးနေတာပါလို့ ယုဇနနေပြည်သူတွေကနေသိရပါတယ်။
အဲဒီလိုရေတွေပြတ်လတ်နေတာကြောင့် အနီးနားရပ်ကွက်တွေက တွန်းလှည်းတွေနဲ့ လိုက်လံရောင်းချတဲ့ရေကို ဝယ်ယူသုံးစွဲကြရပါတယ်။
"ရေလိုနေတဲ့သူတွေကများတော့ ရောင်းတဲ့သူကလည်း ခက်မာမာပဲ၊ ရေတစ်ထမ်းနှစ်ထမ်းတောင် မရောင်းဘူးတဲ့။ အစည်လိုက်ယူမှရောင်းတယ်။ တစ်စည်ကို ၅၀၀၀၊ ကျွန်မတို့ကတော့ ၅၀၀၀နဲ့ ဝယ်မသုံးဘူး။ ရေအလာပဲ စောင့်လိုက်တော့မယ်။" လို့ မဖြိုးကဆိုပါတယ်။ စည်ပင်ပေးတဲ့ရေကို နေထိုင်သူ တစ်သောင်းခန့်ကမှ တိုက်ခန်း ရှစ်ထောင်ခန့်ကသွယ်တန်းယူထားပါတယ်။
စည်ပင်ကပေးတဲ့ သုံးစွဲဖို့အခက်အခဲတွေဖြစ်နေတာနဲ့ ပက်သက်ပြီး ဒဂုံဆိပ်ကမ်းမြို့နယ်စည်ပင်သာရာရေး အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဝင်းက "စည်ပင်ရေက ပြန်လွှတ်ပေးနေပါပြီ၊ ဒီကိစ္စတွေကို လူကိုယ်တိုင်တွေ့ပြီး ကျွန်တေ်ာတို့ရှင်းပြချင်ပါတယ်။" လို့ပြောပါတယ်။
ယုဇနဥယျာဉ်မြို့တော်၊ ၄၉ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ရေရရှိမှုခက်ခဲနေတာနဲ့ ပက်သက်ပြီးတယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်ရာမှာလည်း ရေပေးဝေရေးကို အုပ်ချုပ်ရေးမှူးရုံးက တာဝန်ယူလုပ်မပေးထားပဲ ရေးပေးဝေရေး ကော်မတီကသာ ဖြန့်ဝေပေးတာလို့ဖြေပါတယ်။
လတ်တလော ရွေးကောက်ပွဲမှာ အရွေးခံထားရတဲ့ ကိုယ်စားလှယ်တွေကို ဆက်မေးတော့လည်း ပြည်သူ့လွှတ်တော် အမတ်က ခရီးသွားနေလို့ရယ်၊ တိုင်းလွှတ်တော်အမတ်တစ်ဦးက ဖုန်းကိုင်ဖြေကြားခဲ့ခြင်း မရှိတာရယ်ပဲ ဖြစ်ပါတယ်။ နောက်ဆုံးတိုင်းကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့ ဦးဇော်မင်းထွေးကတော့ နွေရာသီရေပြတ်ရင်လုပ်ဆောင်ဖို့ ဆောင်ရွက်ချက်တွေကို စုစည်းနေတယ်လို့ ဆိုပါတယ်။
အခုလတ်တလော ရေပြတ်တာကိုတော့ရေကော်မတီနဲ့ ဆွေးနွေးလို့ဖြေရှင်းနိုင်ရေးကြိုးစားပါဦးမယ်လို့သာ ပြန်ဖြေထားပါတယ်။
ရေပေးဝေရေးကော်မတီ၊ မြို့နယ်စည်ပင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ စတာတွေအားလုံးက တစ်ဦးနဲ့တစ်ဦး ဖြေကြားဖို့ လက်လွှဲနေတာတွေ၊ အတိအကျပြောဆိုဖြေကြားပေးနိုင်တာတွေမရှိတဲ့ ယုဇနဥယျာဉ်အိမ်ရာနေ ပြည်သူတွေ အခက်အခဲကတော့ ဆက်ရှိနေဦးမှာပါပဲ။