ဂျပန်ကမ်းလွန်ရောက် ရုရှစစ်သင်္ဘောများက ဂျပန်နိုင်ငံကို အမေရိကန်နှင့် မနီးစပ်ရန် သတိပေးနေ 

ဂျပန်ကမ်းလွန်ရောက် ရုရှစစ်သင်္ဘောများက ဂျပန်နိုင်ငံကို အမေရိကန်နှင့် မနီးစပ်ရန် သတိပေးနေ 
Photo - AP

ဖေဖော်ဝါရီ ၁၈

ဂျပန်ကမ်းလွန်တွင် အကြီးစား ရုရှစစ်သင်္ဘောများ တပ်ဖြန့်လာခြင်းသည် ယူကရိန်းအရေး၌ အမေရိကန်ဘက် ပါဝင်နေ သည်ကို ဆန့်ကျင်ပြီး ဂျပန်အား သတိပေးခြင်း အဓိပ္ပာယ်ပဲ ဖြစ်သည်ဟု အကဲဖြတ်များက ပြောသည်။ 

ထိုပြင် ထိုသို့ တပ်ဖြန့်ခြင်းသည် ပြိုင်ဘက်များအား နောက်ဆုံးဖြစ်လာနိုင်သော အခြေအနေများ အားလုံးအတွက် ရုရှနိုင်ငံက ပြင်ဆင်ထားကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သတင်းစကားဆိုနေခြင်းပဲဖြစ်သည်ဟု ၎င်းတို့က ပြောကြသည်။ 

ရုရှစစ်သင်္ဘော ၂၄ စင်းပါ ရေယာဉ်အုပ်စုသည် ဂျပန်ပင်လယ်နှင့် Okhotsk ပင်လယ်တို့တွင် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်နေကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် အတည်ပြုသည်။ ယင်း ရေယာဉ်အုပ်တွင် ရေငုပ်သင်္ဘောများ၊ ဖျက်သင်္ဘောများနှင့် ဖရီးဂိတ်သင်္ဘောများ ပါဝင်သည်။ 

“အခု လုပ်ရပ်ဟာ ယူကရိန်းနားက ဧရိယာတွေမှာ ရုရှတပ်တွေ မကြာခင်က လုပ်ဆောင်ခဲ့တာတွေနဲ့ တစ်တန်းတည်းပဲ ဖြစ်တယ်”ဟု အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲတွင် ကာကွယ်ရေးဝန်ကြီး နိုဘူအို ကီရှီက ပြောပြီး ယင်းသည် ရုရှအနေဖြင့် တစ်ချိန်တည်း၌ ၎င်း ပိုင်နက်၏ အရှေ့ပိုင်းနှင့် အနောက်ဖျားပိုင်းတို့တွင်ပါ စစ်ရေးဆောင်ရွက်နိုင်စွမ်း ရှိကြောင်းကို ပြသလို၍ ဖြစ်သည်ဟု ဆိုသည်။ 

“အခု တပ်ဖြန့်မှုဟာ အရွယ်အစားနဲ့ အချိန်အားဖြင့်ဆိုရင် အတော်လေးကို တစ်မူထူးခြားပါတယ်”ဟု တိုကျိုရှိ Temple University မှ ရုရှအရှေ့ဖျားအရေး အထူးကျွမ်းကျင်သူ တွဲဖက်ပါမောက္ခ ဂျိမ်းဘရောင်းက ပြောသည်။ 

“Okhotsk ပင်လယ်ရဲ့ အခြေအနေဟာ အလွန်ကို အစမ်းသပ်ခံ ဖြစ်လာမှာပဲ၊ ဘာကြောင့်လည်းဆိုတော့ အဲဒီမှာက အပူချိန် အလွန်အမင်း ကျဆင်းမှာ ဖြစ်တယ်၊ ရေခဲတွေလည်း ဖုံးလွှမ်းသလို ရေခဲပြင်တွေလည်း ရှိနေတယ်၊ ဒါတွေ ပေါင်းစုံပြီး စစ်ဆင်ရေးဆိုတာဟာ အန္တရာယ်များလိမ့်မယ်”ဟု ၎င်းက ပြောသည်။ 

အချိန်ကာလအားဖြင့်လည်း ယခု တပ်ဖြန့်မှုက ရုရှ-ယူကရိန်း နယ်စပ်အခြေအနေနှင့် ချိတ်ဆက်နေနိုင်ကြောင်း ၎င်းက ဆိုသည်။ 

“ကျွန်တော်အမြင်အရတော့ ဒါဟာ ဂျပန်ကို တိုက်ရိုက်ရည်ရွယ်တာတော့ နည်းပါတယ်၊ ဒါပေမဲ့ အမေရိကန်နဲ့ မဟာမိတ်တွေကို စစ်အင်အား ပြသရာအဖြစ် ရုရှတပ်တွေရဲ့ တပ်ရွှေ့တပ်တည်မှု တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။ 

“စစ်သင်္ဘောတွေကို ထောက်ပံ့တဲ့ ဖျက်သင်္ဘောတွေ၊ ဖရီးဂိတ်တွေအပြင် ဆေးရုံအဖြစ်သုံးတဲ့ သင်္ဘောပါပါပြီး အင်အား ပြသဖို့အတွက်ပဲ ဦးစားပေးတာ ဖြစ်ဟန် ရှိပါတယ်”ဟု ၎င်းက ပြောသည်။ 

ရုရှကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ ပစိဖိတ် ရေယာဉ်စု၏ ယခု စစ်ရေးလေ့ကျင့်မှုသည် ရုရှ အရှေ့ဘက် ကမ်းလွန် ပင်လယ်ပြင်အတွင်း ရေကြောင်းအသွားအလာ ဘေးကင်းလုံခြုံရေးနှင့် စီးပွားရေး လှုပ်ရှားဆောင်ရွက်မှုများကို ကာကွယ်ပေးရေးအတွက် ဖြစ်ကြောင်း ဆိုထားသည်။ 

စစ်ချီစစ်တက် လေ့ကျင့်ခြင်းတွင် ရေငုပ်သင်္ဘာများကို တိုက်ခိုက်သည့် စစ်ရေးလေ့ကျင့်မှုလည်း ပါဝင်သည်။  ဖရီးဂိတ်သင်္ဘောများထဲမှ Marshal Shaposhnikov သင်္ဘောသည် ကူရေးကျွန်းများအနီး ရေပြင်က ရုရှပိုင်နက်အတွင်းသို့ ကျူးဝင်လာခဲ့သော အမေရိကန် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ရုရှက ပြီးခဲ့သည့် သီတင်းပတ်တွင် အတည်ပြုဆိုသည်။ 

အဆိုပါ အမေရိကန် ရေငုပ်သင်္ဘောကို ရုရှစစ်ရေယာဉ်များက ရင်ဆိုင်ပြီး ရေမျက်နှာပြင်ပေါ် တက်လာရန် အမိန့်ပေးခဲ့သည်ဟု ရုရှကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောသည်။ ရေမျက်နှာပြင်သို့ တက်လာခြင်းမရှိသဖြင့် ယင်း အမေရိကန်ရေငုပ်သင်္ဘောကို အဆိုပါ ဧရိယာမှ ထွက်သွားရန် ရုရှစစ်ရေယာဉ်များက တွန်းတွန်းတိုက်တိုက် လုပ်ဆောင်ခဲ့ရသည်ဟု ရုရှက အတည်ပြုသည်။ 

ယင်းအရေးနှင့် ပတ်သက်ကာ မော်စကို သံရုံးက အမေရိကန်စစ်သံမှူးကို သမ္မန် ဆင့်ခေါ်ခဲ့ပြီး အမေရိကန်ရေယာဉ်က နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ကြောင်းနှင့် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုကို ဖန်တီးနေကြောင်း ပြောဆိုခဲ့သည်။ 

ရုရှ၏ ထို ပြောဆိုချက်သည် ‘မမှန်ကန်ကြောင်း’ ပင်တဂွန်က ဆိုပြီး ၎င်းတို့၏ ရေငုပ်သင်္ဘောမှာ ရုရှရေပိုင်နက်ထဲ မဝင်ရောက်ခဲ့ကြောင်း အခိုင်အမာ ပြောဆိုသည်။ 

ရုရှ၏ ရေယာဉ်အုပ် တပ်ဖြန့်မှုသည် ဂျပန်ကို သတိပေးရန် ရည်ရွယ်သည်ဟု တိုကျိုရှိ Waseda University မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ တိုရှီမတ်ဆု ရှီဂီမူရာက ပြောသည်။ 

“ဒါဟာ ဂျပန်ကို ရုရှက သတိပေးနေတာပဲ၊ ရှင်းပါတယ်၊ ယူကရိန်းအရေးနဲ့ ပတ်သက်တဲ့ မူဝါဒမှာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေနဲ့ မပူးပေါင်းသင့်ဘူးလို့ ပြောနေတာပဲ၊ ရုရှအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ဖိအားကို ဂျပန်အနေနဲ့ ခုခံသင့်တယ်လို့ ဆိုနေတာပဲ”ဟု ၎င်းက ပြောသည်။ “မြောက်ပိုင်း ပိုင်နက်တွေအရေးဟာ ဂျပန်နိုင်ငံက ဘာလုပ်မလဲဆိုတာအပေါ် မူတည်နေတယ်ဆိုပြီး ရှင်းရှင်းလင်းလင်း သတင်းစကား ပါးလိုက်တာပဲ”ဟု ၎င်းက ပြောသည်။ 

ဒုတိယကမ္ဘာစစ် ပြီးကာနီး ဆိုဗီယက်တပ်များ သိမ်းပိုက်ခဲ့ချိန်မှစကာ မြောက်ပိုင်းပိုင်နက်များဟု ရည်ညွှန်းသော နယ်မြေများအတွက် အချုပ်အခြာ ပိုင်ဆိုင်ကြောင်း ဂျပန်နိုင်ငံက အခိုင်အမာ ဆိုလျက် ရှိသည်။ 

ယင်းပိုင်နက်နယ်မြေများကို ရုရှက တောင်ပိုင်း ကူရေးကျွန်းများအဖြစ် ရည်ညွှန်းပြီး ကျွန်းအချို့အား ဂျပန်ထိန်းချုပ်မှုအောက် ပြန်လည်ပေးအပ်ခြင်း သို့မဟုတ် ဒေသတွင်း ပူးတွဲ စီးပွားရေး ဖွံ့ဖြိုးမှု ဖော်ဆောင်ခြင်းတို့အတွက် ဆန္ဒရှိကြောင်း အတိတ်က ညွှန်ပြပြောဆိုထားသည်။ 

သမ္မတ ဗလာဒီမာ ပူတင် လက်ထက်တွင် ယင်း အခြေအနေက ပြောင်းလဲသွားခဲ့သည်။ ပူတင်သည် ပိုင်နက်မြေကို အခြား တစ်နိုင်ငံသို့ ပေးအပ်ခြင်းအား တရားမဝင်ဟု သတ်မှတ်သည့် ဥပဒေသစ်ကို ပြဋ္ဌာန်းလိုက်သည်။ ဆိုလိုသည်မှာ အဆိုပါ ပိုင်နက်များ ပြန်လည်ထိန်းချုပ်ခွင့်ရရေးအတွက် စိတ်အားထက်သန်ဆဲဖြစ်သော ဂျပန်နိုင်ငံအတွက် ဖြစ်တန်ရာ နည်းခြင်းများ ပို၍ တိုးများသွားစေခြင်းပဲ ဖြစ်တော့သည်။ 

“ပြီးခဲ့သည့်နှစ်က ဖူမီယို ကီရှီဒါ ဝန်ကြီးချုပ် ဖြစ်လာပြီး နောက်ပိုင်းမှာ ဂျပန်နဲ့ ရုရှ ကြားက ဆက်ဆံရေးဟာ ပြောင်းလဲသွားတယ်”ဟု ရှီဂီမူရာက ပြောပြီး ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လက်ထက်၌ ပူတင်နှင့် နီးကပ်သည့် အလုပ်ဖြစ်သော ဆက်ဆံရေး ရှိထားခဲ့ခြင်းသည် ခေါင်းဆောင်သစ်လက်ထက်တွင် ရေရှည်မရှိနိုင်တော့ကြောင်း ထောက်ပြပြောဆိုသည်။  

“ကီရှီဒါဟာ သူ့ နိုင်ငံခြားရေး မူဝါဒမှာ အမေရိကန်ကို ပိုပြီး အားထားနေတယ်၊ အခု ကျွန်းတွေရဲ့ အရေးမှာ အရင်ခေါင်းဆောင်တုန်းကလိုမျိုး ပူတင်နဲ့ အလုပ်ဖြစ်နိုင်ခြေက နည်းတယ်၊ ဒါဟာ ဂျပန်အပေါ် ရုရှက ပိုပြီး စိုးရိမ်ပူပန်စရာ ဖြစ်တော့တာပဲ”ဟု ၎င်းက ဆိုသည်။ 

ထိုသို့သော အခြေအနေမျိုးမှာပင် ကီရှီဒါသည် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်းစကီးကို ယူကရိန်း၏ ‘အချုပ်အခြာနှင့် ပိုင်နက် တည်တံ့ခိုင်မြဲရေး’ အတွက် ထောက်ခံကြောင်း အင်္ဂါနေ့က ထုတ်ဖော်ပြသခဲ့ပြီး သံတမန်ရေးမှ ဖြေရှင်းရေးကို တိုက်တွန်းခဲ့သည်။ ဂျပန်အနေဖြင့် ယူကရိန်းသို့ အရေးပေါ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ အား ပေးအပ်ရန်လည်း စီစဉ်နေသည်။ 

ဖေဖော်ဝါရီ ၁၁ ရက်က Quad အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ရုရှက အနီးကပ်စောင့်ကြည့်ခဲ့ကြောင်း ရှီဂီမူရာက ပြောသည်။ ထိုအစည်းအဝေးတွင် အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် ဩစတြေးလျတို့မှ တာဝန်ရှိသူများက အင်ဒို-ပစိဖိတ်ဒေသ၌ နိုင်ငံတကာဥပဒေကို စိန်ခေါ်မှုများအတွက် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြသသကဲ့သို့ ‘လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ်’ အတွက် ၎င်းတို့၏ ကတိကဝတ်များကို ထပ်လောင်းပြောဆိုခဲ့ကြသည်။ 

ဂျပန်နိုင်ငံ၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ ရုရှနှင့် တရုတ်တို့၏ နိုင်ငံရေးနှင့် စစ်ရေး ပိုမို နီးကပ်လာခြင်းနှင့်အတူ ဒေသတွင်း တရုတ်၏ ကြီးထွားလာသော မင်းမူမှုများကို အဓိကအားဖြင့် အာရုံစိုက်နေရကြောင်း ဘရောင်းက ပြောသည်။ 

“ဂျပန်ဟာ ရုရှရေယာဉ်စုကို အနီးကပ် စောင့်ကြည့်သွားမှာ ဖြစ်တယ်၊ ဒါပေမဲ့ အကြီးဆုံး စိုးရိမ်ပူပန်မှုကတော့ ရုရှနဲ့ တရုတ် ပိုပြီး နီးကပ်ပူးပေါင်းလာမှာကိုပဲ၊ ပြီးခဲ့တဲ့နှစ်က ရုရှနဲ့ တရုတ် ရေတပ်ဟာ ပူးတွဲစစ်ရေးလေ့ကျင့်ပြီး ဂျပန်ကျွန်းတွေရဲ့ ပတ်လည်မှာ မောင်းနှင်ခဲ့ကြတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရတယ် မဟုတ်လား”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly