မြောင်းမြမြို့၌ မီတာခ မဆောင်သည့် အိမ်များကို မီးဖြတ်မည့် ဖိအားပေးစာများပို့

မြောင်းမြမြို့၌ မီတာခ မဆောင်သည့် အိမ်များကို မီးဖြတ်မည့် ဖိအားပေးစာများပို့

ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်း ၊ မြောင်းမြမြို့၌ မီတာခ မဆောင်သည့် အိမ်များကို မြို့နယ်လျှပ်စစ်ဌာနက လျှပ်စစ်မီး ဖြတ်တောက်မည့် အကြောင်းကြားစာများ ပေးပို့ ခြိမ်းခြောက်နေကြောင်း ဒေသခံများက ပြောသည်။

အကြောင်းကြားစာ ပေးပို့သည့်နေ့မှ စတင်၍ နှစ်ရက်အတွင်း မီတာခများ ပေးသွင်းရန် ဖိအားပေး ထားပြီး ပေးသွင်းခြင်း မရှိပါက မီးဖြတ်တောက်မည်ဟု ဆိုထားသည်။

“ဒီမြို့မှာက အတော်များများ မီတာခ ဆောင်ကြတယ်။ ဧရာဝတီက သိတဲ့အတိုင်းပဲ။ ငြိမ်နေတော့ သူတို့က ပိုပြီးဖိအားပေးတာ။ မြောင်းမြမှာဆိုရင် ဒီဇင်ဘာလ တစ်လထဲကို မီတာစာရွက်က သုံးကြိမ် လာတယ်။ အာဏာ စသိမ်းထဲက မီတာခ မဆောင်တဲ့ အိမ်တွေကိုတော့ မီးဖြတ်ထားတာ ကြာပြီ။ ပထမ တစ်ဖြတ်လောက် သွင်းပြီး နောက်ပိုင်း မဆောင်တဲ့ အိမ်တွေကိုပါ အခု မီးဖြတ်မယ်လို့ လိုက်ပြီးတော့ စာပို့တာ” ဟု မြို့ခံတစ်ဦးက ပြောသည်။

မြောင်းမြမြို့၌ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှု ဖြစ်ပေါ်နေပြီး တစ်နေ့လျှင် ၁၀ နာရီ ခန့်သာ လျှပ်စစ်မီး ရနေသည်။

“မီတာခ ဆောင်ရင် မီးဖြတ်မယ်သာ ပြောတယ်။ မီးက လာမှ မလာတော့ မဆောင်ဘူးလို့ ဆုံးဖြတ် ထားတယ်။ နေ့ဘက်ဆိုရင် အများဆုံးမှ နှစ်နာရီလောက် လာတယ်။ ညဘက်ဆိုရင် ၁၀ နာရီ လောက်မှ လာပြီး မနက် ၄ နာရီလောက်ဆိုရင် ပျက်နေရော။ သူတို့ကို ပေးမယ့် ပိုက်ဆံကို ဆိုလာပြား ဝယ်တက်လိုက်တာမှ စိတ်ချမ်းသာဦးမှာမို့ မဆောင်တော့ဘူး။ မီးဖြတ်လဲဖြတ်ပဲ။ ကျည်ဆန်ဖိုး ပိုက်ဆံလည်း ဖြစ်မယ့် အရာကို မီးလည်း မလာတာနဲ့ မပေးချင်ဘူး” ဟု လျှပ်စစ်မီး ဖြတ်တောက် ခံထားရသူ မြို့ခံ တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly