ဒေါဥခူတိုက်ပွဲ စစ်ကောင်စီတပ်သား ၄ ဦးသေ

ဒေါဥခူတိုက်ပွဲ စစ်ကောင်စီတပ်သား ၄ ဦးသေ

ဖေဖော်ဝါရီ ၁၇

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ ဒေါဥခူရပ်ကွက် အနောက်ပိုင်းတွင် ကင်းပုန်းဝပ် တပ်စွဲထားသော စစ်ကောင်စီ တပ်အင်အား ၇၀ ခန့်အား တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား လေးဦး သေဆုံးကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက် ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် ဒေါဥခူရပ်ကွက် အနောက်ပိုင်း ငါးကန်ဘောင်များတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များအား ဝင်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF) ပြန်ကြားရေး တာဝန်ခံ ကပြောသည်။

“စစ်ကောင်စီတပ်တွေ အဲ့ဒီနေရာမှာ ကင်းပုန်းချ တပ်စွဲနေတယ် ဆိုတာကို သတင်းရတာတော့ သုံးရက်လောက်ရှိပြီ၊ အဲ့ဒါ မနေ့ညက ကျွန်တော်တို့် တပ်ဖွဲ့တွေက ရုတ်တရက်ဝင်ပြီး တိုက်ခိုက်ကြတာပါ” ဟု ၎င်းက တိုက်ပွဲစတင် ဖြစ်ပွားပုံကို ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များ ဘက်မှ စတင်ပစ်ခတ်သည်နှင့် အပြန်အလှန် ပစ်ခတ်မှု စတင်တော့သည်။

“ကျွန်တော်တို့ ပေ ၁၀၀ အကွာလောက်ကနေ ပစ်နေကြတာဆိုတော့ သူတို့ဘက်က သေတာကို လှမ်းပြီး မြင်နေရတယ်၊ သူတို့ဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တရစပ်ပစ်ကြတာ လက်နက်ကြီး ၁၀ ချက်လောက်ရှိမယ်” ဟု တိုက်ပွဲပြင်းထန်ပုံကို ၎င်းကပြောသည်။

၁ နာရီကြာ အပြန်အလှန် ပစ်ခတ်ခဲ့သည့် ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား လေးဦး သေဆုံးသည်ကို တွေ့ရကြောင်း တိုက်ပွဲဝင် ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ရဲဘော်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့အစက လက်နက်ပါ ကောက်နိုင်အောင် ကြံထားကြတာ၊ တိုက်ပွဲမှာ လက်နက်ချင်း သိပ်မမျှတော့ လက်နက် မရခဲ့လိုက်ဘူး” ဟု ၎င်းကဆိုသည်။

တိုက်ပွဲအား ကရင်နီပြည်နယ် တော်လှန်ရေး ပူးပေါင်းတပ်များဖြစ်သည့် ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF) နှင့် GZ-21 Loikaw pdf မဟာမိတ်ညီနောင် မြို့ပြပြောက်ကျား အဖွဲ့တို့ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မဟာမိတ်ညီနောင်များ အထိအခိုက် မရှိ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း KDF က ထုတ်ပြန်ထားသည်။

လွိုင်ကော်တွင် တိုက်ပွဲများ ရပ်တန့်နေသည်မှာ ရသတ္တပတ် ကြာမြင့်ပြီဖြစ်ပြီး ယမန်နေ့ညတွင် တိုက်ပွဲ ပြန်လည် စတင်ခြင်းဖြစ်ကာ တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအား လိုက်နာပေး ကြရန်လည်း ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF) က သတင်းစကား ပါးသည်။

ဒေါဥခူရပ်ကွက်တွင် ဒေသခံ ပြည်သူများ နေထိုင်ခြင်း မရှိတော့ပြီ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required