မြန်မာအရေးတွင် ပူးပေါင်းဆောင်ရွက်သွားရန် ဂျပန်နှင့် ကမ္ဘောဒီးယား သဘောတူ

မြန်မာအရေးတွင် ပူးပေါင်းဆောင်ရွက်သွားရန် ဂျပန်နှင့် ကမ္ဘောဒီးယား သဘောတူ

ဖေဖော်ဝါရီ ၁၅

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက အခြေအနေများနှင့် ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရေးတွင် ပူးပေါင်းဆောင်ရွက်သွားရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ အရိုက်အရာ ဆက်ခံရန် ရှိသည့် သားဖြစ်သူနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့ တနင်္လာနေ့တွင် တွေ့ဆုံရာ၌ သဘောတူခဲ့ကြကြောင်း ဂျပန်တာဝန်ရှိသူများက ပြောသည်။

လက်ရှိ ကမ္ဘောဒီးယားစစ်တပ်၏ တပ်မှူးတစ်ဦးဖြစ်သည့် ဟွန်ဆန်၏ သား ဟွန်မန်နက်သည် ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံသို့ ဟွန်ဆန် လာရောက်ချိန်၌ အတူလိုက်ပါခဲ့သူလည်း ဖြစ်သည်။ ဟွန်ဆန်၏ အဆိုပါ ခရီးစဉ်သည် လွန်ခဲ့သည့် တစ်နှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသို့ ပြည်ပခေါင်းဆောင်တစ်ဦး ပထမဆုံး လာရောက်မှု ဖြစ်ခဲ့သည်။

တိုကျို၌ ဟွန်မန်နက်နှင့် တွေ့ဆုံစကားပြောဆိုရာ၌ နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီက ဂျပန်နှင့် ကမ္ဘောဒီးယားကြား ခိုင်မာသည့် ဆက်ဆံရေးနှင့် မြန်မာနှင့်အတူ အခြား ဒေသတွင်းရေးရာများ၌ နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ကြိုဆိုခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ကမ္ဘောဒီးယားသည် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ လက်ရှိဥက္ကဋ္ဌဖြစ်ပြီး ဟွန်ဆန်သည် မြန်မာ့အကျပ်အတည်း ပြေလျော့ရေးအတွက် အသင်း၏ ဦးစားပေးအားထုတ်မှုများတွင် ဦးဆောင်နေသူ ဖြစ်သည်။ မြန်မာအရေးသည် ပြည်တွင်းစစ်ဖြစ်သည်ဟု ကုလသမဂ္ဂ ကျွမ်းကျင်သူအချို့က ဆိုထားကြသည်။

ဟွန်ဆန်၏ မြန်မာခရီးစဉ်သည် အခြေအနေအား ဖြေရှင်းရေးအတွက် အပြုသဘောဆောင်သည့် အားထုတ်မှုဖြစ်သည်ဟု ဟာယာရှီက ချီးမွမ်းသည်။

အာဏာပိုင်စိုးထားသည်မှာ ၃၆ နှစ်ကြာရှိပြီဖြစ်သည့် ဟွန်ဆန်က ၂၀၂၈ အထိ ရာထူးတာဝန် ဆက်လက် ရယူသွားရန် ရည်စူးထားကြောင်း ပြောထားပြီး သားဖြစ်သူ ဟွန်မန်နက်ကို ၎င်း၏ အရိုက်အရာ ဆက်ခံသူအဖြစ် အတည်ပြုထောက်ခံချက်ပေးထားခြင်း ဖြစ်သည်။

တရုတ်၏ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရေး ဂျပန်နိုင်ငံက ကြိုးပမ်းလျက်ရှိသော လွတ်လပ်ပြီး ပွင့်လင်းသည့် အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ပေါ်ရေးအတွက် ကမ္ဘောဒီးယားနှင့် ပူးပေါင်းဆောင်ရွက်ရန် ဂျပန်နိုင်ငံက မျှော်လင့်ထားကြောင်း ဟာယာရှီက တနင်္လာနေ့တွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly