လက်ရှိအချိန်သည် တိုင်းရင်းသား ညီညွတ်ရေးအတွက် အခွင့်အလမ်းကောင်းဟု ဗိုလ်ချုပ်ကြီး ဂမ်ရှောင်ပြော

By သတင်းနှင့် မီဒီယာ ကွန်ရက်။
13 February 2022
လက်ရှိအချိန်သည် တိုင်းရင်းသား ညီညွတ်ရေးအတွက် အခွင့်အလမ်းကောင်းဟု ဗိုလ်ချုပ်ကြီး ဂမ်ရှောင်ပြော

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်။

စစ်တပ်က အာဏာသိမ်းလိုက်ခြင်းသည် စစ်မှန်သည့် ပြည်ထောင်စုကြီးကို တည်ဆောက်ရန် အခွင့်အလမ်း ပေါ်ပေါက်လာစေသည် ဟု ကချင်လွတ်လပ်ရေး အဖွဲ့ KIO ဒု-ဥက္ကဋ္ဌနှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA စစ်ဦးစီးချုပ်လည်းဖြစ်သည့် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ပြောဆိုလိုက်သည်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာ့တပ်မတော်ရဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ထွန်းလာတဲ့ နိုင်ငံရေး အခင်းအကျင်းဟာ သမိုင်း တပတ်လည်ကာ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်တယ်လို့ မှတ်ယူနိုင်ပါပြီ” ဟုပြောသည်။

လက်ရှိအချိန်သည် ယခင်ကကဲ့သို့ မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တောင်တန်းမြေပြန့်ပါမကျန် စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲနေကြသည့်အတွက် ပြည်ထောင်စု နိုင်ငံတော်အသစ် တည်ဆောက်ရန် အတွက် လမ်းပွင့်နေပြီဟု ဆက်ပြောသည်။

တောင်တန်းဒေသနေ တိုင်းရင်းသား လူမျိုးများသာမက မြေပြန့် နေ လူဦးရေး အများစုဖြစ်တဲ့ ဗမာတိုင်းရင်း သား လူမျိုးများကလည်း အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး ကြိုးပမ်းဆောင်ရွက်နေတာကို မြင်တွေ့ရ ပြီ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အားလုံးမျှော်မှန်းနေတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် လမ်းပွင့်နေပြီလို့ ယုံကြည်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ပြောသည်။

ထိုသို့ တည်ဆောက်နိုင်ရန်အတွက် အမျိုးသား ညီညွတ်ရေး အစိုးရအနေဖြင့် တူညီသည့် တော်လှန်ရေး အင် အားစုများ ပူးပေါင်းလာနိုင်ရေးအတွက် အရေးကြီး သည့် အခန်းကဏ္ဍတစ်ရပ် ထားရှိရန် လိုအပ်သည်ဟု ဆိုသည်။

ပင်လုံစာချုပ်နှင့် စာချုပ်ပါ ကတိကဝတ်များကို စစ်အာဏာရှင် အဆက်ဆက်က ပစ်ပယ်ခဲ့ပြီး NLD အစိုးရကလည်း ၂၁ ရာစု ပင်လုံညီလာခံဖြင့် ပယ်ဖျက်ရန် ကြိုးစားခဲ့သည်ဟုလည်း စွပ်စွဲထားသည်။

အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နှင့်အတူ အ ပေါ်ယံမ ဟုတ်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးမည့် အစိုးရကို တိုင်းရင်းသားများက မျှော်လင့်နေကြ သည်ဟု ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ဆိုသည်။

“အစိုးရအဆက်ဆက်က ငြိမ်းချမ်းရေးကို ပုံစံအမျိုမျိုးနဲ့ ပုံဖော်ပြီး အပေါ်ယံဖြေရှင်းရန်သာ ကြိုးပမ်းဆောင် ရွက်ခဲ့ ကြပါတယ်။ ဒါပေမယ့် ပြည်တွင်းစစ်ဖြစ်ခြင်းရဲ့ အခြေခံ အကြောင်းအရင်း ဖြစ်တဲ့ နိုင်ငံရေး ပြဿနာကို ပြေလည်အောင် ဖြေရှင်းလိုတဲ့ စိတ်သဘောထား မရှိခဲ့တဲ့အတွက် ပြည်တွင်းစစ်မီး ပိုမိုတောက်လောင်ခဲ့ တာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တောင်တန်းနေ တိုင်းရင်းသားများဟာ ပြည်တွင်းစစ် ပြဿနာကို နိုင်ငံရေးနည်း လမ်းဖြင့် တာဝန်ယူဖြေရှင်းပေးနိုင်မယ့် အစိုးရကို မျှော်မှန်းနေခဲ့တာလည်း နှစ်ပေါင်း ၇၅ နှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။”

ထို့ကြောင့် လက်ရှိ အချိန်သည် စစ်အာဏာရှင်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည့် လူနည်းစု တိုင်းရင်းသား များအတွက် နိုင်ငံရေး အာမခံချက်ရှိပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ပြည်လည် ရရှိရေးအတွက် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရန် အချိန်ကိုက်ဖြစ်နေသည်ဟု ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required