မြန်မာကို အကြမ်းဖက်တိုက်ခိုက်မှု ရှိမရှိ အတည်မပြုနိုင်၊ အတည်ပြုနိုင်ပါက အသိပေးထုတ်ပြန်မည်

မြန်မာကို အကြမ်းဖက်တိုက်ခိုက်မှု ရှိမရှိ အတည်မပြုနိုင်၊ အတည်ပြုနိုင်ပါက အသိပေးထုတ်ပြန်မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ။            ။ ဂျကာတာကဲ့သို့ မြန်မာနိုင်ငံတွင် အကြမ်းဖက်နိုင်မှုရှိမရှိကို အတည်မပြုနိုင်သေးသော်လည်း အတည်ပြုနိုင်ပါက ပြည်သူများကို အသိပေးထုတ်ပြန်သွားမည်ဟု   မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုင်ငံတစ်ကာရဲတပ်ဖွဲ့ဌာန အင်တာပို(မြန်မာ) ဌာနမှူး ရဲမှူးချုပ်စိုးမြိုင်က ဇန်နဝါရီ ၁၆ရက်က မဇ္ဈိမကိုပြောသည်။

"အရင် ၂၀၁၂- ၂၀၁၃တုန်းကတော့ ပြည်တွင်းကပဲ သဘောထားမတူတဲ့သောင်းကျန်းသူတွေက အကြမ်းဖက်ခဲ့ ဖူးတယ်။ ၂၀၁၆မှာတော့ နိုင်ငံတကာအကြမ်းဖက်တွေ အကြမ်းဖက်မဖက်ကို အတည်မပြုနိုင်သေးဘူး။ အတည် ပြုနိုင်ရင်အသိပေးမယ်။ အင်တာပို၊ အာဆင်နယိုတို့နဲ့လည်း သတင်းဖလှယ်တဲ့အပြင် အင်ဒိုကိစ္စကိုလည်း လှမ်းမေးပြီး ကိုယ့်နိုင်ငံနဲ့ဆိုင်တဲ့ အချက်အလက်တွေကို စုဆောင်းမှာပါ။" ဟု ၎င်းကဆိုသည်။

ဇန်နဝါရီလ ၁၄ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့အချက်အခြာနေရာတွင် အကြမ်းဖက်တိုက်ခိုက်မှု၊ ပေါက်ကွဲမှုနှင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ လူ ၇ဦးသေဆုံးပြီး၊ ၂၄ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့တယ်လို့ ဂျာကာတာမြို့တော်နေ Vera Falinda က လူမှုကွန်ရက်က တစ်ဆင့် မဇ္ဈိမကိုပြောသည်။

"အဲဒီနေ့က ဂျာကာတာရဲ့ စရီနာမှာ ဗုံးကွဲတယ်၊ လူ ၇ဦးသေသွားတယ်။ သေတဲ့ထဲမှာတိုက်ခိုက်တဲ့သူတွေ လည်းပါတယ်။ ဘယ်သူကြောင့်ဆိုတာတော့မသိရသေးဘူး။ အိုင်အက်စ်ကြောင့် ဟုတ်မဟုတ် ဆိုတာကိုလည်း မသိဘူး။" ဟုပြောသည်။

မြန်မာနိုင်ငံတွင်လည်း ရွေးကောက်ပွဲမတိုင်မီ ၂၀၁၅ခုနှစ် သြဂုတ်လအတွင်းက ရိုဟင်ဂျာစစ်သွေးကြွများနှင့် ဆက်နွယ်သည့် အကြမ်းဖက်သမား ၄ဦး ပြည်တွင်းသို့ ဝင်ရောက်ခဲ့သည်ဟု   မြန်မာနိုင်ငံရဲတပ်ဖွဲ့က အတိအလင်း ထုတ်ပြန်ခဲ့သော်လည်း ယနေ့အချိန်အထိ ဖမ်းဆီးရမိခြင်းမရှိသေးပေ။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများမှ အကြမ်းဖက်ခံရသည့် သတင်းအချက် အလက်များ၊ ပြည်တွင်းအကြမ်းဖက်နိုင်မှုရှိမရှိ ကြိုတင်သိရှိနိုင်ရေး သတင်း အချက်အလက် များကို နိုင်ငံတကာ ရဲတပ်ဖွဲ့ နှင့် အာဆီယံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းကာသတင်းဖလှယ် ဆွေးနွေးထားသည်ဟု ရဲမှူးချုပ် စိုးမြိုင်က ပြောသည်။

"အင်ဒိုနီးရှားနဲ့ မြန်မာကအခြေခံခြင်းတော့မတူဘူး၊ အင်ဒိုမှာ အစွန်းရောက်တွေက ခြေကုတ်ယူထားတာရှိတယ်။ ဒီမှာတော့ အဲဒီလိုမရှိဘူး။ ပြင်သစ်၊ ထိုင်း၊ အခုဂျာကာတာ တိုက်ခိုက် အကြမ်းဖက် ခံရမှုတွေအပေါ် ကျွန်တော်တို့ အဖွဲ့ကအမြဲစောင့်ကြည့်ပြီး၊ လူကြီးတွေကိုအသိပေးနေတယ်။ လူကြီးတွေကဆုံးဖြတ်ပြီး အကောင်အထည်ဖော် တဲ့အပိုင်းကတော့ သူ့တာဝန်ရှိတဲ့အဖွဲ့ကို   ပြန်လွှဲပါတယ်။" ဟု ၎င်းကဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတိုက်ခိုက်မှုမဖြစ်ပေါ်မီ လပိုင်းအလိုကလည်း ထိုင်းနိုင်ငံအတွင်းသို့ အိုင်အက်စ်နှင့် ဆက်နွယ်မှုရှိသူ ဆီးရီးယားနိုင်ငံသား ၁၀ဦးရောက်ရှိခဲ့သေးသည်။ ၎င်းတို့မှ ၈ဦး၏ သွားလာရာအရပ်ကို ထိုင်းရဲ တပ်ဖွဲ့က စုံစမ်းနိုင်ခဲ့ပြီး ကျန်နှစ်ဦးကိုမူ စုံစမ်းနိုင်ခဲ့ခြင်းမရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly