ရတနာဓာတ်ငွေ့စီမံကိန်းကို ထိန်းချုပ်နိုင်ရေး ထိုင်း PTT ကုမ္ပဏီ ကြိုးပမ်း

ရတနာဓာတ်ငွေ့စီမံကိန်းကို ထိန်းချုပ်နိုင်ရေး ထိုင်း PTT ကုမ္ပဏီ ကြိုးပမ်း

ဖေဖေါ်ဝါရီ ၁၁

နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးများဖြစ်သည့် TotalEnergies SE နှင့် Chevron Corp တို့ မြန်မာနိုင်ငံကနေ ထွက်ခွာမည်ဟု ကြေညာခဲ့ပြီးနောက် ယခုအခါ ထိုင်းနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ PTT Plc သည် ရတနာဓာတ်ငွေ့စီမံကိန်းကို ထိန်းချုပ်တာဝန်ယူသွားနိုင်ရေးအတွက် ကြိုးပမ်းနေသည်ဟု သိရသည်။

စစ်အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူများအပေါ် အာဏာသိမ်းစစ်အုပ်စုဘက်က အကြမ်းဖက်မှုများ ဆက်ရှိနေခြင်းကို ဆန့်ကျင်သည့်အနေဖြင့် TotalEnergies နှင့် Chevron တို့က မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

PTT ၏ လုပ်ငန်းခွဲဖြစ်သည့် ရေနံတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီ PTTEP သည် ရတနာဓာတ်ငွေ့စီမံကိန်း၌ TotalEnergies နှင့် Chevron တို့၏ ရှယ်ယာဝေစု ၅၉ ဒသမ ၅ ရာခိုင်နှုန်းကို လွှဲပြောင်းဝယ်ယူရန် ကမ်းလှမ်းထားသည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။
ထို့ပြင် ပြည်တွင်းကုမ္ပဏီတစ်ချို့ကလည်း ယင်းစီမံကိန်းတွင် တစိတ်တပိုင်း ပါဝင်လုပ်ကိုင်နိုင်ရန် ဆန္ဒရှိနေကြောင်းနှင့် စစ်ကောင်စီ၊ PTTEP နှင့် အခြားအလားအလာရှိ ဝယ်သူများအကြား ဆွေးနွေးမှုများ စတင်လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်ဟု သိရသည်။

“တိုတယ် နဲ့ ရှက်ဗရွန် တို့ရဲ့ ရှယ်ယာအားလုံးကို လွှဲပြောင်းရယူချင်နေတယ်လို့ ပီတီတီအီးပီဘက်က ကျွန်တော်တို့ကို ကမ်းလှမ်းထားပါတယ်။ ဒါပေမယ့် အဲဒီ ရှယ်ယာအားလုံး ဝယ်ယူမှုကို ကျွန်တော်တို့ ခွင့်ပြုပေးသင့်သလား ဆိုတာကို ကျွန်တော်တို့ အသေအချာတော့ ပြောလို့မရသေးပါဘူး” ဟု ဇော်မင်းထွန်းက ဖေဖေါ်ဝါရီ ၁၀ ရက်တွင် ပြောခဲ့သည်။

ဒဏ်ခတ်အရေးယူမှုအသစ်များ ချမှတ်ခံရနိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများ ရှိနေစဉ်အတွင်း ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းကနေ အနောက်အုပ်စု ကုမ္ပဏီများ ထွက်ခွာမှုကနေ အကျိုးခံစားရသူတစ်ဦးဖြစ်လာစေရန် ထိုင်းကုမ္ပဏီက ကြိုးပမ်းနေသည်။

အမေရိကန်သည် မကြာသေးခင်က မြန်မာအာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုနှင့် ဆက်နွယ်သည့် လုပ်ငန်းကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များအပေါ် ဒဏ်ခတ်အရေးယူမှုအသစ်များ ချမှတ်ထားသော်လည်း စစ်အုပ်စုအတွက် စီးပွားရေး ရင်းမြစ်များ ထောက်ပံ့ပေးနေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံနေရသည့် မြန်မာရှိ ရေနံ၊ ဓာတ်ငွေ့ ကုမ္ပဏီများကို ဒဏ်ခတ်အရေးယူမှုများ ဆက်လက်လုပ်ဆောင်လာခြင်း မရှိသေးပေ။

ရတနာ ဓာတ်ငွေ့ စီမံကိန်းတွင် ရှယ်ယာ ၃၁ ဒသမ ၂ ရာခိုင်နှုန်း ရှိပြီး ဆယ်စုနှစ် သုံးစုခန့်ကြာ ယင်းစီမံကိန်းကို အော်ပရေတာအဖြစ် ဆောင်ရွက်ခဲ့သည့် TotalEnergies သည် လျော်ကြေး တစုံတရာ တောင်းခံခြင်းမပြုဘဲ ထို စီမံကိန်းနှင့် MGTC ပိုက်လိုင်း လုပ်ငန်းတို့ကနေ ထွက်ခွာမည်ဖြစ်ကြောင်း ပြီးခဲ့သည့်လက ကြေညာခဲ့သည်။ Chevron ကလည်း အလားတူအတိုင်း စီမံကိန်းများကနေ ထွက်ခွာမည်ဖြစ်ကြောင်း ပြောခဲ့ပြီးနောက်တွင် PTTEP က ယင်းအနေဖြင့် ရွေးချယ်နိုင်စရာ နည်းလမ်းများကို ဂရုတစိုက် ချင့်တွက် လုပ်ဆောင်သွားမည်ဟု ပြောခဲ့သည်။

ရတနာ ဓာတ်ငွေ့ စီမံကိန်းတွင် Chevron Unocal က ရှယ်ယာ ၂၈ ဒသမ ၃ ရာခိုင်နှုန်း၊ PTTEP က ၂၅ ဒသမ ၅ ရာခိုင်နှုန်းနှင့် မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း (MOGE) က ၁၅ ရာခိုင်နှုန်းအသီးသီး ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

“ပီတီတီအီးပီ အနေနဲ့ ရတနာ ပရောဂျက်နဲ့ အမ်ဂျီတီစီ တို့နဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိ လမ်းကြောင်းတွေကို အသေအချာ ဂရုတစိုက် စဉ်းစားနေပါတယ်။ ဒီနေရာမှာ ထိုင်းနဲ့ မြန်မာ နိုင်ငံရဲ့ စွမ်းအင် ဖူလုံရေး နဲ့ နှစ်နိုင်ငံစလုံးရဲ့ ပြည်သူတွေရဲ့ အသက်မွေးမှုတွေအပေါ် စွမ်းအင်လိုအပ်ချက်ကြောင့် ထိခိုက်မှုတွေမဖြစ်အောင် တားဆီးဖို့တို့က အရေးကြီးတယ်လို့ သဘောထားပါတယ်” ဟု ထိုင်းကုမ္ပဏီက ယမန်နေ့က ထုတ်ပြန်ချက်တွင် ပြောခဲ့သည်။

ရတနာ စီမံကိန်းကနေ နှစ်စဉ် ဓာတ်ငွေ့ ကုဗမီတာ ၆ ဘီလီယံခန့် ထွက်ရှိပြီး ယင်းတို့အနက် ၇၀ ရာခိုင်နှုန်းခန့်ကို MGTC ပိုက်လိုင်းကနေတဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ကာ ကျန်ဓာတ်ငွေ့များကို မြန်မာနိုင်ငံရှိ အသုံးပြုသူများထံ ရောင်းချလျက်ရှိကြောင်း Total က ပြောသည်။

“ဒီလထဲမှာတော့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခု ရရှိလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဇော်မင်းထွန်းက ပြောသည်။ ထို့ပြင် PTT အမှုဆောင်အရာရှိများသည် ၎င်းတို့၏ အဆိုပြုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဆွေးနွေးရန်အတွက် မြန်မာနိုင်ငံတွင် ရောက်ရှိနေပြီး ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required