ပုလဲမြို့နယ်တွင် နေအိမ်များ မီးရှို့ဖျက်ဆီးခံရသည့် စစ်ဘေးရှောင် ဒေသခံများအတွက် အောင်ဆန်းတပ်ဖွဲ့ကူညီ

ပုလဲမြို့နယ်တွင် နေအိမ်များ မီးရှို့ဖျက်ဆီးခံရသည့် စစ်ဘေးရှောင် ဒေသခံများအတွက် အောင်ဆန်းတပ်ဖွဲ့ကူညီ

ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် လှော်ကားရွာ၊ မွှေ့တုံရွာ၊ ပန်းရွာ တို့မှ စစ်ဘေးသင့်ပြည်သူများအား အောင်ဆန်းတပ်ဖွဲ့မှ ရိက္ခာနှင့်အဝတ်အစားများအား မျှဝေလှူဒါန်းခဲ့ကြောင်းသိရသည်။

ထိုရွာများသည် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မီးရှို့ခံရခြင်းဖြစ်ပြီး မွေ့တုံကျေးရွာတွင် ၁၉၉ အိမ်၊ ပန်းရွာတွင် ၁၇၅ အိမ်၊ လှော်ကားကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်အား မီးရှို့ဖျက်ဆီးခံခဲ့ကြရခြင်း ဖြစ်သည်။

"ကျနော်တို့ဟာ ပြည်သူက မွေးထုတ်ပေးလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားများဖြစ်တဲ့အတွက် ပြည်သူများဒုက္ခရောက်ခြင်းဟာ ကျနော်တို့ ဒုက္ခရောက်ခြင်းပါ။ စစ်ကောင်စီရဲ့ ထိုးစစ် စစ်ကြောင်းဟာ အင်အားအဆမတန်များပြားနေတာကြောင့် အကာအကွယ်မပေးနိုင်ခဲ့မှုများအပေါ် ယူကျုံးမရဖြစ်ရပါတယ်" ဟု Aung San Force - A.S.F မှ လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ပြောဆိုထားသည်။

စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များမီးလောင်ပြာကျခဲ့ရသည့် ပြည်သူများအတွက် အိုးခွက်ပန်းကန်၊ ဆန်နှင့် အဝတ်အထည်များ လှူဒါန်းထားသည်ကို တွေ့ရသည်။

ထို့အပြင် စစ်ဘေးသင့်ပြည်သူများအား အောင်ဆန်းတပ်ဖွဲ့၏ ဆေးတပ်ဖွဲ့မှလည်း ကျန်းမာရေးစောင့်ရှောက်မှုများ တစ်ပါတည်းပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

တစ်နိုင်ငံလုံးက မိဘပြည်သူများအနေဖြင့်လည်း မည်သည့်ဒေသက ဒုက္ခဖြစ်ပါစေ.. အားလုံးရဲ့ ဒုက္ခ၊ အားလုံးရဲ့ ဝေဒနာ အဖြစ်ခံယူပြီး ကူညီပေးကြဖို့၊ စာနာပေးကြဖို့ မေတ္တာရပ်ခံကြောင်း ရေးသားတောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required