အော့တဝါမြို့လယ်မှာ လမ်းပိတ်ဆို့ ဆန္ဒပြနေတဲ့ ထရပ်ကားမောင်းသူတွေကို ဝန်ကြီးချုပ်က ရှုတ်ချ 

အော့တဝါမြို့လယ်မှာ လမ်းပိတ်ဆို့ ဆန္ဒပြနေတဲ့ ထရပ်ကားမောင်းသူတွေကို ဝန်ကြီးချုပ်က ရှုတ်ချ 
Photo - AFP

ဖေဖော်ဝါရီ ၁၀

ကနေဒါနိုင်ငံမှာ COVID-19 စည်းမျဉ်းတွေကို မကျေနပ်ရာက ထရပ်ကားဒရိုင်ဘာတွေ ဦးဆောင်တဲ့ ဆန္ဒပြသူတွေဟာ အော့တဝါမြို့လယ်ကို ပိတ်ချပြီး ဆန္ဒပြတာကြောင့် နယ်စပ်ကုန်သွယ်ရေး အလျဉ်ပြတ်နေခဲ့ရာမှာ ဖမ်းဆီးမှုတွေ ပြုလုပ်တော့မယ်လို့ ရဲက ဗုဒ္ဓဟူးနေ့မှာ ခြိမ်းခြောက်လာပါတယ်။ 

အခုလို လုပ်ရပ်မျိုးဟာ ‘လက်သင့်ခံစရာ မရှိဘူး’လို့ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်း ထရူဒိုကလည်း ရှုတ်ချပြောဆိုပါတယ်။ 

မြို့တော်မှာ သီတင်းနှစ်ပတ်ကြာပြီဖြစ်တဲ့ ထရပ်ကား ကားသမားတွေရဲ့ ဆန္ဒပြမှုနဲ့ တစ်သားတည်းရှိကြောင်း ပြသပြီး ဝင်ဆာနဲ့ အမေရိကန်က ဒီထရွိုက်မြို့တို့ကြားက သံအမတ်ကြီး တံတားကို ပိတ်ဆို့ထားမှုမှာ လာရောက်ပူးပေါင်းပါဝင်ကြတဲ့ သူတွေလည်း တော်တော်များများ ရှိနေပါတယ်။ ဒီ လုပ်ရပ်ဟာ နိုင်ငံရဲ့ စီးပွားရေး ပြန်လည်ဦးမော့မှုကို ခြိမ်းခြောက်နေတယ်လို့ ထရူဒိုက ပြောပါတယ်။ 

“လမ်းတွေ ပိတ်ဆို့တာ၊ ဥပဒေမဲ့ ဆန္ဒဖော်ထုတ်တာတွေဟာ လက်သင့်ခံစရာ မရှိဘူး၊ စီးပွားရေးနဲ့ ကုန်ထုတ်လုပ်မှုကို ဆိုးကျိုး သက်ရောက်နေတယ်”လို့ လွှတ်တော်မှာ ထရူဒိုက ပြောပါတယ်။ “သူတို့တွေ အဆုံးသတ်ဖို့ ဘာမဆို ကျွန်တော်တို့ လုပ်ကြရလိမ့်မယ်”လို့ သူက ဆိုပါတယ်။ 

“ကပ်ဘေးကို ပိတ်ဆို့တာတွေနဲ့ ခင်ဗျားတို့ ရပ်နိုင်မှာ မဟုတ်ဘူး၊ ကပ်ဘေးကို ရပ်နိုင်ဖို့ ခင်ဗျားတို့မှာ လက်တွေ့လိုက်နာမှု လိုတယ်၊ အများပြည်သူ ကျန်းမာရေး လုပ်ငန်းစဉ်တွေနဲ့ ခင်ဗျားတို့ ကပ်ဘေးကို ရပ်ပစ်ဖို့ လိုတယ်”ဆိုပြီး ဆန္ဒပြသူတွေကို ထရူဒိုက ပြောပါတယ်။ 

သံအမတ်ကြီး တံတား ပိတ်ဆို့ခံရတာနဲ့ ပတ်သက်လို့ အမေရိကန် တာဝန်ရှိသူတွေဟာ ကနေဒါ နယ်ခြားရေးရာဌာနတွေနဲ့ ‘အတော်လေး အနီးကပ် ဆက်သွယ်လျက်ရှိတယ်’လို့ အစောပိုင်းမှာ အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ယန်းဆာကီက ပြောပါတယ်။ 

ကနေဒါက ဆန္ဒပြပွဲတွေဟာ အမေရိကန်စီးပွားရေးအပေါ် ရိုက်ခတ်လာမယ့်အရေးအတွက် စိုးရိမ်ပူပန်ကြောင်း ယန်းဆာကီက ထုတ်ဖော်ပြသပြီး ဒီ ဆန္ဒပြပွဲတွေဟာ ‘ဈေးကွက်စီးဆင်းမှုနဲ့ ကားထုတ်လုပ်ရေး လုပ်ငန်းတွေအတွက်’ ဘေးအန္တရာယ်အဖြစ် ရှိနေတယ်လို့ ပြောပါတယ်။ 

သံအမတ်ကြီးတံတားဟာ ကနေဒါနဲ့ အမေရိကန်ကြားက အဓိက ကုန်သွယ်ရေး စင်္ကြံပဲ ဖြစ်ပြီး နေ့စဉ် အမေရိကန်ဒေါ်လာ ၃၂၃ သန်းဖိုးရှိတဲ့ ကုန်စည်တွေနဲ့အတူ ပုံမှန်သွားလာသူတွေ၊ ခရီးသွားဧည့်သည်တွေနဲ့ ထရပ်ကားတွေ ဖြတ်သန်းကူးသန်းနေရာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly