ဂျပန်က မြန်မာအား လူသားချင်းစာနာထောက်ထားရေးအကူအညီ ကန်ဒေါ်လာ ၁၈ ဒသမ ၅ သန်း ပေးမည် 

ဂျပန်က မြန်မာအား လူသားချင်းစာနာထောက်ထားရေးအကူအညီ ကန်ဒေါ်လာ ၁၈ ဒသမ ၅ သန်း ပေးမည် 
Photo - AFP

ဖေဖော်ဝါရီ ၁၀

လွန်ခဲ့သည့် တစ်နှစ် အာဏာသိမ်းပြီးချိန်မှစကာ နေ့စဉ် လိုအပ်ချက်များ ရှားပါးလာနေသည့် မြန်မာနိုင်ငံအား ဂျပန်နိုင်ငံက လူသားချင်းစာနာထောက်ထားရေး အကူအညီအဖြစ် နောက်ထပ် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၅ သန်း ပေးအပ်မည် ဖြစ်သည်။ 

အဆိုပါ ငွေကြေးကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ၏ အတွင်းဝန်များရုံးသို့မှတစ်ဆင့် စားနပ်ရိက္ခာနှင့် ဆေးဝါးထုတ်ကုန်များအပါအဝင် လိုအပ်ပစ္စည်းပစ္စည်းများ ပေးပို့ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနအရ သိရသည်။ 

“ဂျပန်အစိုးရအနေနဲ့ လိုအပ်နေတဲ့ မြန်မာပြည်သူတွေဆီ ရောက်ရှိမယ့် လူသားချင်းစာနာထောက်ထားရေး အကူအညီတွေကို ဆက်လက် အရောက်ပေးပို့သွားမှာ ဖြစ်ပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

လာမည့်နှစ်တွင် မြန်မာနိုင်ငံအတွက် စုစုပေါင်း ဒေါ်လာ ၈၂၆ သန်းဖိုး လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးရန် နိုင်ငံတကာအသိုက်အဝန်းက ကုလသမဂ္ဂက ဇန်နဝါရီ ၃၁ ရက်တွင် တိုက်တွန်းပြီးနောက် ယခုကဲ့သို့ ဂျပန်နိုင်ငံ၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။ 

ကုလသမဂ္ဂ၏ မေတ္တာရပ်ခံချက်ကို အခြားသော နိုင်ငံများကလည်း တုံ့ပြန်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဟာယာရှီက ပြောသည်။ 

ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရနှင့် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖယ်ရှားကာ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်မှနောက်ပိုင်း ဂျပန်နိုင်ငံသည် မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားရေး အကူအညီ ဒေါ်လာ သန်း ၂၀ ကျော် ပေးအပ်ထားပြီး ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly