အနောက်ရိုးမတွင် ဆင်သတ်ခံရမှု ၂၀၁၅ခုနှစ်အတွင်း ၁၀မှုရှိ

အနောက်ရိုးမတွင် ဆင်သတ်ခံရမှု ၂၀၁၅ခုနှစ်အတွင်း ၁၀မှုရှိ
 ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ သစ်ထုတ်လုပ်ရေးစခန်းတစ်ခုရှိ သစ်ဆွဲနေသည့် ဆင်တစ်ကောင်အား ၂၀၁၃ ခုနှစ် သြဂုတ်လက တွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ)

ပုသိမ်၊ ဇန်နဝါရီ ၁၅ ။            ။ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သစ်တော၌ ၂၀၁၅ခုနှစ်အတွင်း အနောက်ရိုးမတွင် ဆင်သတ်ခံရမှု ၁၀မှုရှိကြောင်းနှင့် ပုသိမ်ခရိုင် အနောက်ရိုးမမှ အာရှဆင်များ မျိုးတုန်းလာနိုင်ကြောင်း ပုသိမ်ခရိုင်သစ်တောဦးစီးဌာနမှသိရှိရသည်။

"ဧရာဝတီတိုင်းမှာ ဆင်မုဆိုးတွေ သောင်းကျန်းနေတယ်။ ဆင်တွေ ကာကွယ်ဖို့ ဒေသခံပြည်သူတွေ အသိပညာရှိဖို့လိုတယ်။ သူတို့စည်းရုံးရေးလုပ်ပြီး ချပြရမယ်၊ ဒေသခံတွေ ပူးပေါင်းပါဝင်ဖို့လိုတယ်။ သူတို့ မပါဝင်ဘူး။ ကြောက်တာလည်းပါတယ်။ ဆင်မုဆိုးတွေက သေနတ်နဲ့ခြိမ်းခြောက်ထားလို့လည်းပါတယ်။ သူတို့ စိုက်ပျိုးထားတာတွေ ဆင်တွေဖျက်ဆီးတော့ ဆင်သတ်တဲ့သူတွေကို တွေ့ရင် သတင်းမပေးဘူး၊အဲဒီတော့မကာကွယ်နိုင်ဘူး၊ ဖြစ်မှလိုက်ဖမ်းဆီးနေရတယ်"ဟု ပုသိမ်ခရိုင်သစ်တောရုံးမှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ဆင်များကို ယခင်က ဆင်စွယ်လိုချင်၍ သတ်ဖြတ်ကြပြီး ဆင်စွယ်ကို နိုင်ငံခြားသို့ တင်ပို့ရောင်းချကြပြီး ယခုအခါ ဆင်အထီးသာမက ဆင်မများကိုပါ သတ်ဖြတ်ကာ အရေခွံ၊ နှာမောင်း၊ နားရွက်၊ အသား အားလုံးကို ရောင်းချကျသည့်အတွက် အာရှဆင် မျိုးတုန်းသွားနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

"အာရှဆင် မျိုးတုန်းပျောက်ကွယ်နိုင်တယ်။ ဥပဒေအရ ကာကွယ်ပေးထားတယ်။ ပြည်သူတွေကော ဌာနဝန်ထမ်းတွေ ရပ်ကျေးအုပ်ချုပ်ရေးတွေမှာ တာဝန်ရှိတယ်၊ ဧရာဝတီတိုင်းမှာ အာရှဆင်တွေအတွက် ဘေးမဲ့တော ဖန်းတီးပေးစေချင်တယ်၊ ဆင် သဘာဝအရ တောထဲမှာနေတယ်။ အခု တောထဲကိုလူတွေရောက်နေပြီး၊လူမရောက်တဲ့နေရာလည်းမရှိဘူး။ ဆင်တွေက သစ်ခုတ်တဲ့အသံတွေကြောက်ပြီး တောထဲမနေရဲဘူး။"ဟု ပုသိမ်ခရိုင် သစ်တော တာဝန်ရှိသူက ပြောသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ဆင်သတ်အဖွဲ့ထံမှ နှာမောင်းကွင်းများ နှင့် ဆင်အမြှီး သုံးခု သယ်ယူလာသည့် ကယ်ရီသမားများအား ဖမ်းဆီးထားကြောင်းလည်း သိရှိရသည်။

ပုသိမ်ခရိုင် သစ်တောအတွင်း ၂၀၁၄ခုနှစ်တွင် အာရှဆင် ၂၀၀ကျော်ရှိရာမှ ၂၀၁၅ခုနှစ်တွင် ၁၀၀ကျော်သာ ရှိတော့ကြောင်း သစ်တောဌာန၏ စာရင်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly