ဘားအံမြို့နယ်ရှိ BGF စခန်းကို KNLA ဝင်တိုက်၊ ၄ ဦးသေပြီး တပ်ခွဲမှူး ဒဏ်ရာရသွား

ဘားအံမြို့နယ်ရှိ BGF စခန်းကို KNLA ဝင်တိုက်၊ ၄ ဦးသေပြီး တပ်ခွဲမှူး ဒဏ်ရာရသွား
Photo- KNU

ဖေဖော်ဝါရီ ၉

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဂျို့ပင်ဆိပ်ကျေးရွာရှိ စစ်ကောင်စီနှင့် BGF ပူးပေါင်း တပ်စွဲ ထားသော (BGF) အမှတ် (၁၀၁၄) တပ်စခန်းကို ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၁) က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ BGF တပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး စစ်ကောင်စီ တပ်ခွဲမှူး အပါအဝင် လေးဦး ဒဏ်ရာ ရရှိသွားကြောင်း KNU ဘက်က ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီနှင့် BGF ပူးပေါင်း အင်အား ၃၀ ဝန်းကျင်ခန့် နေထိုင်သည့် အဆိုပါ တပ်စခန်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီခွဲ ဝန်းကျင်တွင် KNLA တပ်မဟာ (၁) တပ်ဖွဲ့ဝင်များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲတွင် စစ်ကောင်စီနှင့် BGF ပူးပေါင်း တပ်စခန်းအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်ခဲ့ရာ စခန်းအရှေ့မှ ဆိုင်ကယ်ဖြင့် ဖြတ်မောင်းသည့် အသက် ၂၁ နှစ် အရွယ် ဒေသခံ လူငယ်တစ်ဦး ကျည်ထိမှန်ကာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း KNU က ထုတ်ပြန်ထားသည်။

အဆိုပါ BGF တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်များက ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်အစောပိုင်းတွင် စခန်းကို စွန့်ခွာကာ မိတ္ထီလာရွာ (ဘုရားကုန်း) သို့ ပြောင်းရွှေ့ ဆုတ်ခွာ သွားခဲ့သည်။

ကရင်ပြည်နယ်၊ သထုံခရိုင်၊ ဘားအံမြို့နယ် အတွင်းရှိ အာဏာ သိမ်းစစ်ကောင်စီ လက်အောက်ခံ ကရင် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ၊ ပြည်သူ့စစ် အဖွဲ့ဝင်များနှင့် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ လက်ရှိမိမိအလုပ် တာဝန်မှ အမြန်ဆုံး နုတ်ထွက်ကြရန်နှင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြရန် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၁) က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ဖာပွန်ခရိုင် မဲပလိ ကျေးရွာရှိ ကရင် နယ်ခြားစောင့်တပ် (BGF) အမှတ် (၁၀၁၄) တပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၅) က ဝင်ရောက် တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required