ပလက်ဝမြို့နယ်ကို ကူညီ ထောက်ပံ့ပေးရန် ဦးမင်းကိုနိုင် တိုက်တွန်း

ပလက်ဝမြို့နယ်ကို ကူညီ ထောက်ပံ့ပေးရန် ဦးမင်းကိုနိုင် တိုက်တွန်း

ဖေဖော်ဝါရီ ၉

စစ်ရေး နည်းဗျူဟာအရ အလွန်အရေးကြီးသည့် ပလက်ဝမြို့နယ်ကို နိုင်ငံတကာရောက် ချင်းလူမျိုးများ အပါအဝင် သွေးချင်း ညီအစ်ကို မောင်နှမများ ကူညီထောက်ပံ့ပေးကြရန် ၈၈ မျိုးဆက် ခေါင်းဆောင် ဦးမင်းကိုနိုင်က တိုက်တွန်းပြောဆိုသည်။

“ပလက်ဝက နယ်မြေလည်း ကျယ်တယ်။ မဟာဗျူဟာအရလည်း အရေးကြီးတဲ့နေရာပါ။ ရင်ဆိုင်ရတဲ့ အရာတွေ များပါတယ်။ တိုက်ပွဲတွေလည်း များပါတယ်။ ဒါကြောင့် ပလက်ဝမှာရှိတဲ့ သွေးချင်းတွေ ဆက်ပြီးတိုက်ပွဲ ဝင်နိုင်အောင် ပလက်ဝမြို့ကို ဝိုင်းပြီးတော့ လှူကြတန်းကြဖို့ မေတ္တာရပ်ခံပါတယ်'' ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ်၏ လိုအပ်ချက်များစွာကို ၎င်းအနေဖြင့် သိရှိပြီး အထူးသဖြင့် ပလက်ဝမြို့သည် ၂၀၁၉ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ်များမှစ၍ စစ်ဘေးရှောင် လူဦးရေ ၂၀,၀၀၀ ကျော်ကို ဒုက္ခသည် စခန်းများဖြင့် ကျွေးမွေးစောင့်ရှောက်ခဲ့ရသည်ဟု ဆိုသည်။

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်၏ တစ်ခုတည်းသော ပင်လယ်ထွက်ပေါက်မြို့ ဖြစ်ပြီး ရေလမ်း၊ ကုန်လမ်းဖြင့်ပါ ဆက်သွယ်သွားလာနိုင်သည်။ ယခင်က ပလက်ဝမြို့တွင် စိမ့်စမ်း လေယာဉ်ကွင်း ရှိပြီး သုံးနှစ်ခန့် အသုံးပြုပြီး ပြန်ပိတ်သွားခဲ့သည်။

လက်ရှိတွင် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ကုလားတန် စီမံကိန်းမှာလည်း နယ်မြေ မအေးချမ်း၍ ရပ်နားထားရပြီး ပလက်ဝ ကုလားတန် မြစ်ကူးတံတားကြီးသည်လည်း ပြီးစီးပြီး ဖြစ်သည့်တိုင် ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။

ယခင်က စစ်ကောင်စီတပ်များနှင့် ရခိုင့်တပ်မတော် (AA) လက်နက်ကိုင် အဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားသည့်အတွက် ဒေသခံများ စစ်ဘေးရှောင်စခန်းများ၌ နေထိုင်နေကြရသည်။ စစ်တပ် အာဏာသိမ်းပြီးနောက် ဒေသခံ ကာကွယ်ရေးတပ်ဖြစ်သည့် CDF-Palatwa အဖွဲ့ ပေါ်ပေါက်လာပြီး စစ်တပ်နှင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားခြင်းကြောင့် ကျေးရွာများမှ ပြည်သူ ဦးရေ ၆၀၀ ကျော် အိန္ဒိယ နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင် နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required