ရွှေဘို ဆိပ်ခွန်ရွာတွင်း စစ်ကောင်စီတပ် ပစ်ခတ်ဝင်ရောက်၍ ဒေသခံများ ထွက်ပြေးနေရ

ရွှေဘို ဆိပ်ခွန်ရွာတွင်း စစ်ကောင်စီတပ် ပစ်ခတ်ဝင်ရောက်၍ ဒေသခံများ ထွက်ပြေးနေရ

ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ် ဆိပ်ခွန်ရွာ အတွင်းသို့ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်း ပစ်ခတ် ဝင်ရောက်လာခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရပြီး ဖမ်းဆီးခံရသူများလည်း ရှိကြောင်း ဒေသခံများက ဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၈ ရက် မနက် ၆ နာရီက ရွှေဘိုမြို့ အနောက်ဘက် ၇ မိုင်အကွာရှိ ဆိပ်ခွန်ရွာအတွင်းသို့ စစ်ကောင်စီတပ်နှင့်ပျူစောထီး အင်အား ၁၀၀ ခန့်က ရွာအတွင်း သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီး ဒေသခံ အချို့ကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

"မနက်အစောကြီး သေနတ်တွေ ပစ်ဖောက်ပြီး ဝင်လာတော့ ဘာမှ ပြင်ဆင်ချိန် မရလိုက်ဘူး၊ ထွက်ပြေးရတာ၊ စကစ (စစ်ကောင်စီ) တွေက တွေ့သမျှလူ အကုန်ဖမ်း၊ တစ်ချို့လည်း ပြန်လွှတ်တယ်။ ရွာသား ၁၀ ဦး လောက်ကိုလည်း ဖမ်းထားတယ်၊ ရွာထဲမှာက သက်ကြီးပိုင်းတွေနဲ့ ကလေးတွေ အများစုတော့ ကျန်ခဲ့တာပေါ့၊ ဆိပ်ခွန်ရွာကို ဝင်တော့ အနီးအနားက ရွာတွေကပါ ပြေးကြရတယ်" ဟု ထွက်ပြေးလာသည့် ဒေသခံက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့များသည် ယနေ့ ညနေ ၃ နာရီ အချိန်ထိ ဆိပ်ခွန်ရွာ စာသင်ကျောင်းအတွင်း တပ်စွဲထားပြီး ရွာအတွင်းရှိ အိမ်များကို ဖျက်ဆီး ဝင်ရောက်ကာ ရှာဖွေမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

"လက်ရှိတော့ နေအိမ်ငါးလုံးလောက် အမွှေခံထားရတယ်၊ ပြီးရင်ရွာထဲမှာ ကင်းပုန်းချပြီး မြင်သမျှကို ပစ်နေတာ၊ အရင်ကတော့ ခဏဝင်ရုံလောက်ဘဲ ရှိတာ၊ အခုလို အကြာကြီး တပ်စွဲပြီး ရမ်းကား ပစ်ခတ်တာမျိုး မရှိဘူး" ဟု ဒေသခံ တစ်ဦးက ဆိုသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့က ဆိပ်ခွန်၊ ဆိပ်သာ၊ နံ့သာ၊ ဘိုတည်းကုန် စသည့် ကျေးရွာအုပ်စု လေးခုကို အုပ်ချုပ်သည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်နိုင်ဝင်းနှင့် သားဖြစ်သူတို့ ဘိုတည်းကုန်ရွာရှိ နေအိမ်၌ အသတ်ခံခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly