လွိုင်ကော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးဟု KNDF ထုတ်ပြန်

လွိုင်ကော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးဟု KNDF ထုတ်ပြန်

ဖေဖော်ဝါရီ ၈

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင်းရှိ တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ပထမအပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများ သေဆုံးခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၇ ရက်က လွိုင်ကော်မြို့နယ်၊ လင်ဖုံလင်း လမ်းခွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်( KA)၊ KNDF နှင့် PDF (ဖယ်ခုံ)တို့က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ ကိုးဦးသေဆုံးသွားကြောင်း KNDFက ဆိုသည်။

အလားတူ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ထီရီကျေးရွာတောင်ပေါ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KA နှင့် KNDF ပူးပေါင်းတပ်က တိုက်ခိုက်ရာ မိနစ် ၉၀ ခန့်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ခုနစ်ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့သည်။

အဆိုပါ ထိတွေ့တိုက်ပွဲများတွင် ကရင်နီပူးပေါင်းတပ်မှ ရဲဘော်အချို့ အသေးစား ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့သော်လည်း ကြီးကြီးမားမား ထိခိုက်မှုမရှိခဲ့ဟု KNDF က ထုတ်ပြန်သည်။

ထို့အပြင် ကရင်နီပြည်နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သော ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF) ပြန်ကြားရေးတာဝန်ရှိသူကလည်း ဖေဖော်ဝါရီ ၈ ရက် နံနက်အစောပိုင်းတွင် တိုက်ပွဲများထပ် ဖြစ်နေကြောင်း ပြောသည်။

“ ဒီမနက် အစောပိုင်းထိ (ဖေဖော်ဝါရီ ၈ ရက်) တော့ ဒေါခူ ဘက်မှာအပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့သေးတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့နဲ့ဖြစ်လဲ နောက်ပြီး အထိအခိုက် အကျအဆုံးတွေ မသိရသေးဘူး။ လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေပါ” ဟု ၎င်းက ဆိုသည်။

အသေးစိတ်အချက်အလက်ကို မဇ္ဈိမက ဆက်လက်စုံစမ်းနေသည်။

လက်ရှိ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲကြီးကြီးမားမား မရှိသေးသော်လည်း ဒီးမော့ဆို၊ ၆ မိုင်၊ ၅ မိုင်၊ ဒေါပိုးစီ၊ ပန်ကန်း၊ ရွာတန်းရှည်၊ မိုင်းလုံး၊ ဒေါခူ၊ နာနတ်တော စသည့်နေရာ တစ်ကြောတွင် နှစ်ဖက်တပ်များ ကင်းပုန်းချကာ စောင့်ကြည့်နေကြသည့်အနေအထားဖြစ်၍ အချိန်မရွေးတိုက်ပွဲပြင်းထန်လာနိုင်ကြောင်း KDF တာဝန်ရှိသူမှ သုံးသပ်သည်။

စစ်အာဏာသိမ်းအပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ ဇန်နဝါရီ ၃၁ ရက်အထိ ကရင်နီပြည်နယ်တွင် တိုက်ပွဲပေါင်း ၁၅၆ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်‌ေကာင်စီ တပ်သား ဦးရေ ၆၀၀ ကျော် သေဆုံးသည်ဟု တိုးတက်သောကရင်နီလူငယ်များအဖွဲ့ (PKPF) ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

အလားတူ လေကြောင်းမှ ၃၂ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရ၍ တော်လှန်ရေးတပ်သား ဦးရေ ၆၀ ဝန်းကျင်

ကျဆုံးရသည့်အပြင် ပြည်သူ ဦးရေ၂၀၀ နီးပါးသေဆုံးခဲ့‌ေကြာင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required