အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်အုပ်စု၏လက်ချက်ကြောင့် ကလေးငယ် ၁၁၄ ဦးထက်မနည်း သေဆုံးဟု ကုလ ပြော

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်အုပ်စု၏လက်ချက်ကြောင့် ကလေးငယ် ၁၁၄ ဦးထက်မနည်း သေဆုံးဟု ကုလ ပြော

ဖေဖော်ဝါရီ ၈

မြန်မာနိုင်ငံတွင် ယမန်နှစ် ဖေဖေါ်ဝါရီလ ၁ ရက်က စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်အုပ်စု တပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် သေဆုံးရသည့် ကလေးငယ် ၁၁၄ ဦးထက်မနည်း ရှိခဲ့ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ တစ်လတည်းမှာပင် ကလေးငယ် ၁၈ ဦး သေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဖာဟန် ဟက်ခ်က ဖေဖေါ်ဝါရီ ၇ ရက်တွင် ပြောသည်။

“ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေရဲ့လက်ချက်ကြောင့် အသက် ၃ နှစ်ကနေ ၁၇ နှစ်အကြား ကလေး ၁၁၄ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်၊ ဒီထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လတည်းအတွင်း သေဆုံးခဲ့ရတဲ့ ကလေး ၁၈ ယောက်လည်း ပါပါတယ်” ဟု ဟက်ခ်က ပြောကြားကြောင်း Sputnik သတင်းအေဂျင်စီက ကိုးကားဖော်ပြသည်။

ထို့ပြင် စစ်အုပ်စုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် ကလေးငယ်ဦးရေသည်လည်း သိသိသာသာ ပိုမိုများပြားနေခဲ့သည်ဟုလည်း ကုလ  ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံတပ်ဖွဲ့များအနေဖြင့် ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံ ပါဝင်လက်မှတ်ထိုးထားခဲ့သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလ ကွန်ဗန်းရှင်းအောက်ရှိ ကလေးများ၏ အခွင့်အရေးများကို ထိန်းသိမ်းလိုက်နာရမည့် တာဝန်ဝတ္တရားများအတိုင်း စောင့်ထိန်းရလိမ့်မည်ဖြစ်ကြောင်း ဟက်ခ်က သတိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly