ရှောင်တာနဲလ်အား ပြန်လွှတ်လိုက်သည်ဆိုခြင်းကို စစ်ကောင်စီ ငြင်း 

ရှောင်တာနဲလ်အား ပြန်လွှတ်လိုက်သည်ဆိုခြင်းကို စစ်ကောင်စီ ငြင်း 

ဖေဖော်ဝါရီ ၇

ကမ္ဘောဒီးယား ဝန်ကြီးချုပ်၏ ကြားဝင်ဆောင်ရွက်ပေးမှုနောက် တစ်နှစ်ကြာ ဖမ်းဆီးထားသည့် ဩစတြေးလျပညာရှင် ရှောင်တာနဲလ်အား ပြန်လည်လွှတ်ပေးလိုက်ပြီဆိုခြင်းကို စစ်ကောင်စီက ငြင်းဆန်သည်။ 

စီးပွားရေးပညာရှင် ရှောင်တာနဲလ်သည် မြန်မာအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးအဖြစ် လုပ်ကိုင်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ အာဏာသိမ်းမှုအပြီး မကြာမီ ဖမ်းဆီးခံရခြင်း ဖြစ်သည်။ 

၎င်းကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားကာ အပြစ်ရှိကြောင်း စီရင်ပါက ထောင်ဒဏ် ၁၄ နှစ်အထိ အများဆုံး ပြစ်ဒဏ်ချမှတ်ခံရမည် ဖြစ်သည်။ 

ရှောင်တာနဲလ်ကို ပြီးခဲ့သည့်ရက်က ပြန်လွှတ်ပေးလိုက်ပြီဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က တနင်္လာနေ့တွင် ပြောခြင်းဖြစ်သည်။ 

ဩစတြေးလျ အစိုးရ၏ မေတ္တာရပ်ခံချက်ကို ကြားဝင်ဆောင်ရွက်ပေးပြီးနောက် ပြန်လွှတ်ပေးခြင်းဖြစ်သည်ဟု ပြီးခဲ့သည့်လက စစ်ကောင်စီအကြီးအကဲနှင့် တွေ့ဆုံခဲ့သည့် ကမ္ဘောဒီးယားက သဘောထားတင်းမာသူ ဟွန်ဆန်က ပြောသည်။ 

“အဲဒီအချိန်က မင်းအောင်လှိုင်ကို ကျွန်တော် မေတ္တာရပ်ခံခဲ့တယ်၊ မင်းအောင်လှိုင်က အပြုသဘောစဉ်းစားပါမယ်ဆိုပြီး ပြောပါတယ်”ဟု မြန်မာခရီးစဉ်နှင့် ပတ်သက်သော မေးခွန်းကို ၎င်းက တုံ့ပြန်ဖြေဆိုသည်။ 

“မနေ့ကတော့ သူ လွတ်သွားပါပြီ”ဟု ရှောင်တာနဲလ်ကို ရည်ညွှန်းပြီး ဟွန်ဆန်က ပြောသည်။ 

ရှောင်တာနဲလ်အား ပြန်လွှတ်သည်ဆိုခြင်းကို စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်းက ငြင်းဆန်သော်လည်း ဟွန်ဆန်သည် ခရီးစဉ်အတွင်း ထိုအရေးကိစ္စကို ပြောဆိုခဲ့ကြောင်း ဝန်ခံသည်။ ဟွန်ဆန်၏ မြန်မာခရီးစဉ်သည် စစ်အာဏာသိမ်းပြီးနောက် ပြည်ပခေါင်းဆောင်တစ်ဦး ပထမဆုံး လာရောက်ခြင်းပဲ ဖြစ်သည်။ 

“ဒီ အရေးကိစ္စနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရားစီရင်ရေး ပြီးရင် စဉ်းစားပါမယ်ဆိုပြီး ပြောခဲ့တယ်”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။ 

ရှောင်တာနဲလ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပူးတွဲစွပ်စွဲခံရသ‌ဘော တရားစွဲဆိုမှုအတွက် နေပြည်တော်တွင် ကြာသပတေးနေ့တိုင်း အမှုကြားနာစစ်ဆေးခံရလျက် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required