ပူတာအိုတွင် စစ်ကောင်စီတပ်နှင့် KIA ဦးဆောင်သည့် PDF ပူးပေါင်းတပ်တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ

ပူတာအိုတွင် စစ်ကောင်စီတပ်နှင့် KIA ဦးဆောင်သည့် PDF ပူးပေါင်းတပ်တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ

ဖေဖော်ဝါရီ ၇

ကချင်ပြည်နယ်၊ ပူတာအိုဒေသတွင် ကေအိုင်အေဦးဆောင်သည့် PDF ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများက ဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၇ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်ကလည်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းက ဆွမ်ပီယန်တပ်စခန်းကိုပြန် လည်ရရှိနိုင်ရန် စစ်ရေးလှုပ်ရှားမှုများရှိ‌နေကြောင်းဒေသခံများက ဆိုသည်။

စစ်ကောင်စီ၏ ဆွမ်ပီယန်တပ်စခန်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့က ကေအိုင်အေဦးဆောင်သည့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီ၏တပ်ဖွဲ့က စခန်းပြန်လည်ရရှိနိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှုကြောင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ယနေ့မနက်ပိုင်းက ပူတာအိုမြို့ဘက်မှ ပူတာအို - ဆွမ်ပရာဘွမ် - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးအတိုင်း ဆင်းလာသည့် ပြည်သူ့စစ်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းကို ဖက်မာကျေးရွာအလွန် လုံရှန်ယန်ကျေးရွာအဝင်တွင် ကေအိုင်အေဦးဆောင်သည့် PDF ပူးပေါင်းတပ်တို့မှ စောင့်ကြိုကြားဖြတ် တိုက်ခိုက်ခဲ့သည့်အတွက် လုံရှာယန်ကျေးရွာအနီးမှာ တိုက်ပွဲများဆက်လက်ဖြစ်ပွား နေရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထိုသို့ချီတက်လာသည့်စစ်ကြောင်း အတိုက်ခံရသည့်အတွက် မချမ်းဘော့မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းဖြစ်သည့် ခလရ ၁၃၇ တပ်ရင်းမှ လက်နက်ကြီး လေးကြိမ်ထက်မနည်း ပစ်ကူ ပေးနေကြောင်း ဆိုသည်။

ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် လုံရှန်ယန်ကျေးရွာအတွင်း လက်နက်ကြီးကျည် လက်နက်ငယ်ကျည်များ ကျရောက်လာသောကြောင့် ဒေသခံများက လက်ရှိအချိန်မှာ ထွက် ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဖက်မာကျေးရွာနှင့် လုံရှန်ယန်ကျေးရွာသည် ပူတာအို - ဆွမ်ပရာဘွမ် - မြစ်ကြီးနားပြည်ထောင် စုလမ်းပိုင်းမှာတည်ရှိပြီး၊ တစ်ရွာနှင့်တစ်ရွာ ငါးမိုင်အကွာအဝေးသာရှိတယ်လို့ ဒေသခံတွေက ဆိုသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် လုံရှာယန်ကျေးရွာ သည် ပူတာအိုမြို့နှင့် ဆယ်မိုင်ကျော်သာဝေးပြီး၊ လူဦးရေ ၅၀၀၀ နီးပါးရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်သည်။

တိုက်ပွဲများသည် ယနေ့နေ့လယ်ပိုင်းအချိန်က ခေတ္တခဏငြိမ်သက်နေသော်လည်း ဒေသခံများသည် စစ်တပ်က လေယာဥ်များနှင့် ကျေးရွာအနီး ဗုံးကြဲတိုက်ခိုက်လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

မဇ္ဈိမက တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေကို စောင့်ကြည့်စုံစမ်းနေဆဲဖြစ်သည်။

ပုံစာ- ပူတာအိုတွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေ၊ PDF ပူးပေါင်းအဖွဲ့များ တိုက်ပွဲကြောင့် ဒေသခံများ စစ်ဘေးရှောင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly