စီးပွားရေးပညာရှင် ရှောင်တာနဲလ်ကို ပြန်လွှတ်ပေးဖို့ ဩစတြေးလျ ထပ်မံတောင်းဆို

စီးပွားရေးပညာရှင် ရှောင်တာနဲလ်ကို ပြန်လွှတ်ပေးဖို့ ဩစတြေးလျ ထပ်မံတောင်းဆို
Photo - AFP

ဖေဖော်ဝါရီ ၆

ထိန်းသိမ်းခံထားရသည့် စီးပွားရေးပညာရှင် ရှောင်တာနဲလ်ကို “အမြန်ဆုံး ပြန်လွှတ်ပေးရန်” ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးက အာဏာသိမ်းစစ်ကောင်စီကို ဖေဖေါ်ဝါရီ ၆ ရက်တွင် ထပ်မံ တောင်းဆိုလိုက်သည်။

ရှောင်တာနဲလ်သည် ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခတစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာ အကြံပေးတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

၎င်းသည် မြန်မာတွင် ယမန်နှစ် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် ရက်ပိုင်းအကြာတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

၎င်းသည် အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည့် အစိုးရလျှို့ဝှက်ချက်ဥပဒေ ပုဒ်မဖြင့် တရားစွဲဆိုခံထားရသည်။

“ပါမောက္ခ ရှောင်တာနဲလ်ဟာ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။ သူ့အပေါ် စွဲဆိုချက်တွေကို ကျွန်မတို့ ပယ်ချပါတယ်” ဟု ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး မရိုက် ပိန်းက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြောဆိုသည်။

“ပါမောက္ခ ရှောင်တာနဲလ်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မိမိတို့ ထပ်လောင်း တောင်းဆိုတယ်” ဟု သူမက ပြောသွားခဲ့သည်။

မြန်မာတွင် စစ်အာဏာသိမ်းမှုကြောင့် လူထုဆန္ဒပြပွဲများကို ဖြစ်ပေါ်စေခဲ့ပြီး အာဏာသိမ်းစစ်တပ်က လူမဆန်ရက်စက်စွာ ဖြိုခွင်းနှိမ်နင်းခဲ့မှုကြောင့် အပြစ်မဲ့အရပ်သား ၁,၅၀၀ ကျော် သေဆုံးပြီး လူပေါင်း ၁၂,၀၀၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ပြည်တွင်း စောင့်ကြည့်လေ့လာမှုအဖွဲ့တစ်ခုက ပြောသည်။

စက်တင်ဘာလက ၎င်း၏ တရားရုံးကြားနာမှုတစ်ခုတွင် ဩစတြေးလျသံရုံးတာဝန်ရှိသူများ ဝင်ခွင့်ပိတ်ပင်ခံရပြီးနောက် ရှောင်တာနဲလ်အပေါ် တရားစွဲဆိုမှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို လူ့အခွင့်အရေးအဖွဲ့များက ထုတ်ဖော်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required