မန္တလေးတွင် လျှပ်စစ်ဝန်ထမ်း ၂ ဦး မီတာခများ ကောက်ခံ ထွက်ပြေး

မန္တလေးတွင် လျှပ်စစ်ဝန်ထမ်း ၂ ဦး မီတာခများ ကောက်ခံ ထွက်ပြေး

ဖေဖော်ဝါရီ ၆

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် မီတာစာရေး နှစ်ဦးက မီတာခများ လိုက်လံ ကောက်ခံပြီး ထွက်ပြေး တိမ်းရှောင်သွားသောကြောင့် မီတာခ ပေးဆောင်ခဲ့သူများ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

“မီတာခ ဆောင်ရဲ့သားနဲ့ မီးလာဖြတ်ခံရလို့ ရုံးသွားမေးတော့ ခင်ဗျားတို့ မီတာခ ပေးလိုက်တဲ့ လူနှစ်ယောက် ထွက်ပြေးနေတယ်၊ ကိုယ့်ကိစ္စ ကိုယ်ရှင်းကြ၊ ရုံးဘက်ကတော့ အမှုဖွင့်ထားတယ်လို့ဘဲ ပြန်ပြောတယ်၊ အရင်မီတာခ ဆောင်ထားတာတွေက ဒီနှစ်ကောင်က ငွေမသွင်းသွားတဲ့ အတွက် အကြုံးမဝင်ဘူးတဲ့” ဟု နေအိမ် လျှပ်စစ်မီး အဖြတ်ခံရသူ တစ်ဦးက ပြောသည်။

ထွက်ပြေးသွားသူ နှစ်ဦးသည် မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အောင်မြေသာစံမြို့နယ် လျှပ်စစ် မန်နေဂျာရုံးတွင် မီတာစာရေး တာဝန် ထမ်းဆောင်နေသူ နှစ်ဦး ဖြစ်ကြောင်း တစ်ဦးသည် ရဲမိသားစုဝင် ဖြစ်ကြောင်းလည်း လျှပ်စစ်ရုံးနှင့် နီးစပ်သူက ဆိုသည်။

“မီတာလာကောက်တဲ့ နှစ်ယောက်ထဲက တစ်ယောက်က ရဲစခန်းထဲ နေတာပါ၊ အမှတ် (၂) ကပါ၊ ကျွန်တော်တို့က ပြဿနာတွေ ဖြစ်နေချိန် မီတာရုံးလည်း ကိုယ်တိုင် မသွားရဲတော့ မီတာခ လာကောက်တဲ့ စာရေးနဲ့ ပေးမိတာပေါ့၊ နှစ်ယောက်စလုံးက မီတာရုံးက ဆိုတာလည်း သိနေတော့ ပေးမိတာပေါ့၊ အခုအဲဒီနှစ် ယောက်က ထွက်ပြေးလို့ အမှုဖွင့်ထားတယ်လို့ဘဲ ရုံးကပြောတယ်” ဟု မီတာခ ပေးဆောင်ခဲ့သူ တစ်ဦးက ပြောသည်။

အောင်မြေသာစံမြို့နယ် လျှပ်စစ် မန်နေဂျာရုံးက မီတာစာရေး နှစ်ဦးဖြစ်သည့် ဥပုသ်တော်ရပ်ကွက် အမှတ်(၂) နယ်မြေ ရဲစခန်းနေ ဦးအောင်မြတ်မိုးနှင့် အကွက်(၂၅) ဥပုသ်တော် ရပ်ကွက်နေ ဦးရဲရင့်ကျော် ဆိုသူတို့ကို တာဝန်မှ ရပ်စဲပြီး ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း စုံစမ်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly