ကျောက်မဲမြို့၌ စစ်ရှောင် ပြည်သူ ၁ ဦး စစ်ကောင်စီတပ် ဖမ်းဆီးနှိပ်စက်၍ သေဆုံး

ကျောက်မဲမြို့၌ စစ်ရှောင် ပြည်သူ ၁ ဦး စစ်ကောင်စီတပ် ဖမ်းဆီးနှိပ်စက်၍ သေဆုံး

ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့၌ စစ်ရှောင် ပြည်သူ တစ်ဦးအား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် ပတ်သက်သည်ဟု ဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ကြောရေးတွင် နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်မဲမြို့၊ တိလင်ရပ်ကွက်တွင် နေထိုင်သော အသက် (၄၄) နှစ်အရွယ် စိုင်းထွန်းထွန်းဝင်းအား ရာအိမ်မှူး အပါအဝင် အရပ်ဝတ်ဖြင့် စစ်ကောင်စီ တပ်နှင့် ရဲတို့ ပါဝင်သော လူရှစ်ယောက်ခန့်က ဖေဖော်ဝါရီလ ၂ ရက်နေ့ ညသန်းခေါင်တွင် နေအိမ်၌ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

ဖေဖော်ဝါရီ ၃ ရက်နေ့တွင် မိသားစုက စိုင်းထွန်းထွန်းဝင်း အား မည်သည့် နေရာသို့ ဖမ်းဆီး ခေါ်ဆောင် သည်ကို စုံစမ်းရာ ရဲတပ်ဖွဲ့က ဆေးရုံတွင် သွားတွေ့ရန် ပြောဆိုခဲ့ပြီး နှိပ်စက်ခံရသော ဒဏ်ရာများဖြင့် ကျောက်မဲဆေးရုံ၌ ည ၉ နာရီခန့်က သေဆုံးခဲ့သည်ဟု ကျောက်မဲ ဒေသခံ တစ်ဦးက ပြောသည်။

"သူ့ကို ညသန်းခေါင်ကြီး ဖမ်းသွားတာ ဆိုတော့ ဘယ်ခေါ်သွားလဲ မသိရဘူး၊ မနက် လိုက်စုံစမ်းတော့လည်း တွေ့ခွင့်မရဘူး၊ နေ့လည်ကြတော့ ဆေးရုံ ရောက်နေပြီတဲ့၊ တစ်ကိုယ်လုံး အညိုအမဲ ဒဏ်ရာတွေနဲ့၊ ခေါင်းအနောက်ကလည်း ပေါက်နေတယ်၊ ခေါင်းခွံကလည်း ကြေနေတာ၊ ည ၉ နာရီလောက်မှာဘဲ ဆုံးသွားတယ်၊ သူက ရွာကလာနေတဲ့ စစ်ရှောင်၊ ဘယ်လို PDF ဖြစ်မလဲ" ဟု ဒေသခံက ရှင်းပြသည်။

စိုင်းထွန်းထွန်းဝင်း နှိပ်စက်ခံရ၍ သေဆုံးမှု ဖြစ်စဉ်အား နေအိမ်တွင် လာရောက် ဖမ်းဆီးသည်ဟု မပြောဘဲ ညမထွက်ရ အမိန့် ကျော်လွန် အပြင်ထွက်သဖြင့် လမ်းတွင် ဖမ်းဆီးခဲ့သည်ဟု ပြောဆိုရန် ရာအိမ်မှူးက မိသားစုကို ဖိအားပေးခဲ့သည်ဟု သိရသည်။

စိုင်းထွန်းထွန်းဝင်းသည် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာတွင် ဖြစ်ပွားသည့် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲများကြောင့် ကျောက်မဲမြို့သို့ ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ရှောင် ပြည်သူတစ်ဦး ဖြစ်သည်။

စစ်ကောင်စီတပ်က စိုင်းထွန်းထွန်းဝင်းအား နေအိမ်၌ ဝင်ရောက် ဖမ်းဆီးစဉ် ၎င်းညီမ၏ ရွှေဆွဲကြိုးကို အတင်းအဓမ္မ ဖြုတ်ခိုင်းပြီး ဘောင်ချာကိုပါ တောင်းယူသွားသည့် အပြင် စစ်ရှောင်ကော်မတီက ကူညီ ထောက်ပံ့ထားသော ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

ကျောက်မဲမြို့နယ် အတွင်း စစ်ကောင်စီတပ်က ညများတွင်အပြစ်မဲ့ ပြည်သူများအား ဝင်ရောက်ဖမ်းဆီးကာ ရိုက်နှက်နှိပ်စက် ငွေတောင်းခံနေမှုများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required