မဇ္ဈိမအယ်ဒီတာ ကိုသန်းထိုက်အောင်အမှု လိုပြသက်သေများ ဆက်လက်စစ်ဆေးမည်

မဇ္ဈိမအယ်ဒီတာ ကိုသန်းထိုက်အောင်အမှု လိုပြသက်သေများ ဆက်လက်စစ်ဆေးမည်

ဖေဖော်ဝါရီ ၅

နေပြည်တော်၌ သတင်းရယူနေစဉ် ဖမ်းဆီးခံခဲ့ရသည့် မဇ္ဈိမသတင်းဌာန အယ်ဒီတာ ကိုသန်းထိုက်အောင် အမှုအတွက် တရားလိုပြ သက်သေ စစ်ဆေးမှု ပြီးစီးတော့မည်ဖြစ်ပြီး ဆက်လက် စစ်ဆေးရန် လိုပြသက်သေ နှစ်ဦးသာ ကျန်ရှိတော့ကြောင်း ၎င်း၏အမှုကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။

တရားလိုပြ သက်သေများ စစ်ဆေးပြီးစီးပါက ကိုသန်းထိုက်အောင်ဘက်က ခံပြသက်သေ စာရင်း တင်သွင်းရမည် ဖြစ်သည်။

အမှုအတွက် ရုံးချိန်းကို လာမည့် အင်္ဂါနေ့ ဖေဖော်ဝါရီ ၈ ရက်တွင် ချိန်းဆိုထားပြီး ဖေဖော်ဝါရီ ၉ ရက်နေ့သည် ကိုသန်းထိုက်အောင်၏ မွေးနေ့လည်း ဖြစ်သည်။ အမှုကို ဇန်နဝါရီလမှ စတင်ပြီး အပတ်စဉ် အင်္ဂါနေ့တိုင်း စစ်ဆေးနေသော်လည်း ပြီးခဲ့သည့် တစ်ပတ်မှ စတင်ကာ နှစ်ပတ် တစ်ကြိမ်သာ ရုံးချိန်း ခေါ်၍ စစ်ဆေးကြောင်း သိရသည်။

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် တရားရုံးတွင် အမှုကို စစ်ဆေးလျက်ရှိပြီး ကိုသန်းထိုက်အောင်ကို နေပြည်တော် အချုပ်ထောင်တွင် ထိန်းသိမ်းထားရာ ကျန်းမာရေး ကောင်းမွန်ကြောင်း သိရသည်။

ကိုသန်းထိုက်အောင်သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိ တရားရုံးရှေ့တွင် NLD ပါတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန် ရုံးချိန်း သတင်းရယူနေစဉ် အရပ်ဝတ် ဝတ်ဆင်ထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှုကို ခံလိုက်ရခြင်း ဖြစ်သည်။

၎င်းနှင့်အတူ BBC သတင်းဌာနမှ သတင်းထောက် ကိုအောင်သူရလည်း ဖမ်းဆီးခံခဲ့ရပြီး ၎င်းမှာ မတ်လ ၂၂ ရက်နေ့တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

ကိုသန်းထိုက်အောင်ကိုမူ စစ်ကောင်စီက ဆက်လက် ဖမ်းဆီးထားခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

အာဏာသိမ်းကာလ တစ်နှစ်အတွင်း အနည်းဆုံး သတင်းသမား ၁၄၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ပြန်လည် လွတ်မြောက်သူ ၉၅ ဦးနှင့် ဆက်လက် ဖမ်းဆီးခံထားရသူ ၅၂ ဦးရှိကြောင်း အသံအဖွဲ့က ဖေဖော်ဝါရီ ၃ ရက် နေ့တွင် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required