ဟင်္သာတတွင် NLD အမတ် ၂ ဦး၏ အိမ်အပါအဝင် အိမ် ၁၁ လုံးကို စစ်ကောင်စီက ချိပ်ပိတ်

By သတင်းနှင့် မီဒီယာ ကွန်ရက်။
05 February 2022
ဟင်္သာတတွင် NLD အမတ် ၂ ဦး၏ အိမ်အပါအဝင် အိမ် ၁၁ လုံးကို စစ်ကောင်စီက ချိပ်ပိတ်

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်။

ဟင်္သာတတွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် နှစ် ဦး၏ အိမ်များအပါအဝင် အိမ် ၁၁ လုံးကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းလိုက်သည်။

ဟင်္သာတမြို့နယ် NLD ပါတီ မှ ၂၀၂၀ ခုနှစ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ဦးအေးမင်း၊ ဦးခင်စိုးတို့၏ အိမ် နှစ် လုံး နှင့် အင်းဂပိုလမ်းရှိ လူငယ်တစ်ဦး၏ YGP Hot pot အကင်ဆိုင် အိမ်တို့ အပါအဝင် အိမ်ပေါင်း ၁၁ လုံးကို ဖေဖော်ဝါရီ ၁ ရက်နေ့ မှ ၃ ရက်နေ့ အတွင်းတွင် ချိပ်ပိတ်သိမ်းဆည်းခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဆယ်အိမ်မှာ မြို့ပေါ်ရပ်ကွက်များမှ ဖြစ်ပြီး တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးခင်စိုး၏ အိမ် ၁ လုံး မှာ ကျေးလက်ဒေသမှ ဖြစ်သည်ဟု သိရသည်။

“CRPH၊ NUG၊ CDM၊ PDF တို့ကို ပတ်သက်တယ် ထောက်ပံ့တယ်ဆိုပြီး ချိပ်ပိတ်တာပါ။ မိသားစုတွေ အားလုံး လက်လွတ် ဆင်းပေးရတယ်။ သူတို့ရဲ့ လုပ်ရပ်က လူမဆန်ဘူး” ဟု မိသားစုဝင် တစ်ဦးက ပြောသည်။

စစ်ကောင်စီ တပ်က လာဖမ်းစဉ် အမတ် ဦးခင်ဝင်း နှင့် လူငယ် နှစ် ဦး အဖမ်းမခံရဘဲ လွတ်မြောက်သွားကြောင်း CRPH၊ NUG၊ CDM၊ PDF တို့ကို ပတ်သက် ထောက်ပံ့သည်ဟု စွတ်စွဲခံသူများမှာ အသက် ၃၀ မှ ၄၀ အကြားရှိ လူငယ် လူလတ်ပိုင်းများဖြစ်သည် ဟု ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။

ယခုနှစ် ဇန္နဝါရီ လဆန်းပိုင်းကလည်း ဟင်္သာတမြို့ ပါဆယ်လမ်းရှိ လူငယ်တစ်ဦးအား PDF နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲဖမ်းဆီးပြီးနောက် ၎င်း၏မိဘများ ပိုင်ဆိုင်သည့် အိမ်ကို ချိပ်ပိတ်ခဲ့သည်ဟု ယင်းလမ်း အတွင်း နေထိုင်သူ အချို့ကပြောသည်။

“လူငယ်တွေဆိုတော့ မိဘနဲ့ အတူနေကြတာလေ။ ချိပ်ပိတ်ခံရတာ အများစုက မိဘအိမ်တွေပါ။ အိမ်ပေါ်က ဆင်းပေးရတာမို့ မိအို ဖအိုတွေ ကလေးသူငယ်တွေ အတွက် အတော် ဒုက္ခဖြစ်ရတယ်” ဟု ဟင်္သာတမြို့ခံ စောမင်းဟန် က ပြောသည်။

နိုင်ငံရေး အရ ပုဒ်မ တခုခုဖြင့် စွပ်စွဲခံရသူ၏ မိသားစု နေအိမ်၊ အဆောက်အအုံများ၊ ထိုသူနှင့် ဆက်စပ် အမျိုး တော်စပ်သူများ၏ နေအိမ် အဆောက်အအုံများကို ချိပ်ပိတ် သိမ်းဆည်းခြင်းသည် တရားမဲ့ အနိုင်အထက် ပြု ကျင့်ခြင်း ဖြစ်သည်ဟု ဧရာဝတီ ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်တစ်ဦး က ပြောဆိုသည်။

စစ်ကောင်စီ က ချိပ်ပိတ် သိမ်းဆည်းရာတွင် အိမ်၊ ခြံ၊ အခမဲ့ စာသင်ကျောင်း၊ ပရဟိတရုံး၊ ဆေးခန်း၊ လက်ဖက် ရည်ဆိုင်၊ အရက်ဆိုင်၊ လူနာတင်ယာဉ်၊ ကိုယ်ပိုင်ကား၊ စားသောက်ဆိုင် စသည်တို့ကို အကြောင်း အမျိုးမျိုးပြ ၍ ချိပ်ပိတ်သိမ်း ဆည်းနေသည်ဟု သိသည်။

၂၀၂၁ ခုနှစ် ဝင်ဘာလ မှ စ၍ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီ လဆန်းပိုင်း အတွင်း ဧရာဝတီ တိုင်း ဝန်ကြီး ချုပ်ဟောင်း မန်းဂျော်နီ ၏ ကျုံပျော်မြို့မှ အိမ် နှင့် ကား အပါအဝင်၊ ပုသိမ်၊ မြောင်းမြ၊ ရေကြည်၊ အသုတ်၊ မအူပင်၊ ညောင်တုန်း၊ ဖျာပုံ၊ ဝါခယ်မ၊ ချောင်းသာ၊ ဖျာပုံ၊ ငရုတ် ကောင်းစသည့် ဒေသများ၌ ချိပ်ပိတ် သိမ်းဆည်းခံရမှု ၁၀၀ ဝန်းကျင် ရှိနေပြီ ဖြစ်သည်ဟု ဒေသခံများ ထံကသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required