ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၆၀၀ နီးပါး ဖမ်းဆီးခံရ

By ကိုရွှေမြိတ်
05 February 2022
ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၆၀၀ နီးပါး ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၅

ထိုင်းနိုင်ငံ နယ်စပ် နှစ်နေရာမှ တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၆၀၀ နီးပါးကို ဖေဖော်ဝါရီလ ၅ ရက် ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းတပ်မတော် Army PR Center လူမှုကွန်ရက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံသား ၅၈၆ ဦးသည် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ကန်ချဘုရီခရိုင်နှင့် ပရာကျွတ်ခီရီခန့်ခရိုင် အတွင်း တောလမ်းမှ တစ်ဆင့် လူမှောင်ခို ပွဲစားများဖြင့် ဝင်ရောက်လာရာ ထိုင်း လုံခြုံရေး အဖွဲ့များက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၆၀၀ နီးပါးသည် ပဲခူးတိုင်း၊ မော်လမြိုင်၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ထားဝယ်ခရိုင်၊ မန္တလေးတိုင်းနှင့် မြိတ်ခရိုင်တို့မှ ဖြစ်ကြောင်း သိရသည်။

ယင်းမြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် တစ်ဦး ဘတ် ၁၈၀၀၀ မှ ၂၅၀၀၀ အထိပေးပြီး ပွဲစားများဖြင့် ချိတ်ဆက် ဝင်ရောက်လာသူများ ဖြစ်ကြောင်း Army PR Center က ဖော်ပြသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို သက်ဆိုင်ရာ ထိုင်းနယ်စပ်ရှိ ရဲစခန်းများတွင် အရေးယူရန် စစ်ဆေး နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly