မန္တလေးတိုင်း ဝန်ကြီးချုပ်ကို စစ်ကောင်စီက စွဲဆိုထားသည့် အဂတိ ၂ မှု စတင်စစ်ဆေး

မန္တလေးတိုင်း ဝန်ကြီးချုပ်ကို စစ်ကောင်စီက စွဲဆိုထားသည့် အဂတိ ၂ မှု စတင်စစ်ဆေး

ဖေဖော်ဝါရီလ ၄ ရက်

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရုံး မြေနေရာ ချထားပေးသည့် ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီက စွဲဆိုထားသော အဂတိ အမှုနှစ်မှု အတွက် အိုးဘို အကျဉ်းထောင် အတွင်းရှိ တိုင်းဒေသကြီး သီးသန့် အထူးတရားရုံး၌ ယနေ့ ဖေဖော်ဝါရီလ ၄ ရက်တွင် ကြားနာ စစ်ဆေးခဲ့ကြောင်း ထောင်တွင်း သတင်း အရင်းအမြစ်ထံမှ သိရသည်။

စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်အား  စွဲဆိုထားသော အဂတိအမှု ၅ မှု ရှိသည့်အနက် ယခုအမှု နှစ်မှုမှာ အမှု အမှတ်(၉)နှင့် အမှုအမှတ်(၁၀) တို့ဖြစ်သည်။ အမှုအမှတ် (၉) မှာ မြင်းခြံမြို့ NLD ပါတီရုံး မြေနေရာ ချထားပေးမှု အတွက် ဖြစ်ပြီး ကျန်အမှု အမှတ် (၁ဝ) မှာ ပြင်ဦးလွင်မြို့ရှိ NLD ပါတီရုံး မြေနေရာ ချထားပေးမှု ဖြစ်သည်။

ယနေ့ ရုံးချိန်းတွင် တရားလိုပြ သက်သေ နှစ်ဦး ဖြစ်သည့် မန္တလေးတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်လွင် နှင့် မကွေးတိုင်း အစိုးရအဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်း တို့ကို စစ်ဆေး ကြားနားခဲ့သည်။

“တိုင်းအတွင်းရေးမှူး ဦးမြင့်လွင်ကို တရားလိုပြ သက်သေ အနေနဲ့ စစ်ဆေးတယ်။ နောက်တစ်ခါ မန္တလေးတိုင်း ဒေသကြီးကနေ မကွေး ပြောင်းသွားတဲ့ လက်ထောက်ညွှန်မှူး ဒေါ်ခင်ဝင်း ကိုစစ်တယ်။ အမှုကိစ္စနဲ့ ပတ်သက်လို့ မြေနေရာကို ဘယ်သူ ချပေးလဲ ဆိုတာကို ဋ္ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ အစစ်ခံသွားတာပါ။

ဒီမြေနေရာ တွေကို ဘယ်လို တန်ဖိုးဖြတ်ခဲ့တယ်၊ ဘယ်လိုပုံစံ ချပေးခဲ့တယ် ဆိုတာကို တရားလိုပြ သက်သေ အနေနဲ့ စစ်ဆေးနေတာ။ မှုခင်းပိုင်း ဆိုင်ရာနဲ့ အစစ်ဆေးခံမယ့် အဆင့်ကို မရောက်သေးဘူး” ဟု ထောင်တွင်း သတင်းရင်းမြစ်က ဆိုသည်။

ဒေါက်တာဇော်မြင့်မောင် အနေဖြင့် ကျန်းမာရေး ကောင်းမွန်သည်ကို တွေ့ရပြီး၊ ယနေ့တွင် သူ၏ဇနီးဖြစ်သူ ဒေါက်တာဒေါ်မေယုလွင် လာရောက် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

အသက် (၇ဝ) အရွှယ် ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါ ဝေဒနာ ခံစားနေရသူ ဖြစ်ပြီး စစ်ကောင်စီက စွဲဆိုထားသော ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) အမှုနှင့် သဘာဝဘေး ပုဒ်မ ၂၅/၃၀ (က) တို့ဖြင့် အိုဘိုး အကျဉ်းထောင်တွင် ထောင်ဒဏ် လေးနှစ် ချမှတ် ခံထားရသည်။
၎င်းအနေဖြင့် ဆက်လက် ရင်ဆိုင်နေရဆဲ အဂတိမှု ၅ မှုနှင့် မဲမသမာမှု ပြုလုပ်သည်ဟု ဆိုကာ စွဲဆိုထားသော အမှု ခုနှစ်မှု ရင်ဆိုင်ရန် ကျန်ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required