ထိုင်းနယ်စပ်ရောက် ဒုက္ခသည်ထောင်ချီ မြန်မာဘက် ပြန်လာနေကြရဟု ဆို

ထိုင်းနယ်စပ်ရောက် ဒုက္ခသည်ထောင်ချီ မြန်မာဘက် ပြန်လာနေကြရဟု ဆို

ဖေဖေါ်ဝါရီ ၄

မြန်မာနိုင်ငံတွင်း တိုက်ပွဲများကြောင့် နယ်စပ်ဖြတ်ကာ ထိုင်းနိုင်ငံဘက် သွားရောက်ခိုလှုံနေခဲ့ကြသည့် မြန်မာဒုက္ခသည် ထောင်ချီသည် ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း မြန်မာနိုင်ငံဘက်သို့ တဖြည်းဖြည်းချင်း ပြန်လာနေကြရသည်ဟု သိရသည်။

ထိုင်းဘက်ခြမ်းတွင် နေထိုင်ရသည့် အခြေအနေများက အင်မတန် ခက်ခဲခဲ့ပြီး ၎င်းတို့၏ နေထိုင်စရာ စခန်းနေရာများကိုလည်း ထိုင်းစစ်တပ်က ဖြိုဖျက်ဖြုတ်သိမ်းခဲ့သည်ဆိုပြီး ဒေသသတင်းရင်းမြစ်များက ပြောကြောင်း Thai Enquirer သတင်းဌာနက ဖော်ပြသည်။

ဒုက္ခသည် အများအပြားသည် ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံ ကရင်ပြည်နယ် လေးကေကော်မြို့မှ ဖြစ်ကြသည်။

သို့သော် ၎င်းတို့ မြို့ကို ပြီးခဲ့သည့် ဒီဇင်ဘာလက အာဏာသိမ်းအကြမ်းဖက်စစ်တပ် ဝင်ရောက်ခဲ့ချိန် ၎င်းတို့သည် အကြမ်းဖက်ခံရမည့်အရေးကနေ ရှောင်တိမ်းရန် ထိုင်းနယ်စပ်သို့ ထွက်ပြေးခဲ့ကြရသည်။

ထို့ပြင် ဒုက္ခသည်အချို့မှာ ကယားပြည်နယ်မှ ဖြစ်ပြီး ကယားပြည်နယ်သည်လည်း ပြီးခဲ့သည့် နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုများဖြင့် ပစ်မှတ်ထားခံခဲ့ရသည်။

ဒီဇင်ဘာလနောက်ပိုင်း အကြမ်းဖက်မှုများ အရှိန်မြင့်တက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသား ထောင်ချီ ဘေးလွတ်ရာ ထွက်‌ပြေးခဲ့ကြရသည်။

“သူတို့တွေအားလုံး သိပ်မကြာခင်ကမှပဲ မြန်မာဘက် ပြန်သွားဖို့အတွက် ဒီကနေ ထွက်သွားကြပါတယ်” ဟု နေရပ်စွန့်ခွာသူများကို အစားအသောက် လှူဒါန်းမှုများ ဖြန့်ဝေသည့် အသေးစား မီးဖိုချောင်တစ်ခုကို ကူညီဦးစီးခဲ့သည့် ကရင်စေတနာဝန်ထမ်းတစ်ဦးဖြစ်သော ဒါးက ပြောသည်။

“ထိုင်းစစ်တပ် ရောက်လာပြီး သူတို့ (ဒုက္ခသည်များ) တွေ ပြန်သွားသင့်ပြီလို့ ပြောခဲ့ကြတယ်” ဟု ၎င်းက ပြောသည်။

အကယ်၍ မြန်မာဘက်ခြမ်းတွင် အကြမ်းဖက်မှုများ တဖန် အရှိန်မြင့်လာပါက ဒုက္ခသည်များ ထိုင်းဘက် ပြန်လာသည်ကို ခွင့်ပြုပေးချင်ပေးနိုင်သည်ဟု ထိုင်းအာဏာပိုင်များက ပြောကြောင်း သူမက ဖြည့်စွက်ပြောသည်။

လက်ရှိအချိန်တွင် ဒုက္ခသည်အများစုသည် နယ်စပ်ဖြတ်ကာ မြန်မာဘက် ပြန်သွားနေခဲ့ကြပြီဟု သိရသည်။

ဒုက္ခသည် အများစုသည် ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်ရသဖြင့် လေးကေကော်သို့ ပြန်မသွားကြတော့ဟု သိရသည်။

လေကေကော်တွင် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်များ ရှိနေဆဲ ဖြစ်ကြောင်းနှင့် ၎င်းတို့သည် ဒုက္ခသည်များ နေရပ်ပြန်ရာတွင် အသုံးပြုရရန် ရှိနေသည့် လမ်းများတွင် မြေမြှုပ်မိုင်းများထောင်ထားသည်ဟု ကြားသိရကြောင်း Thai Enquirer သတင်းဌာနက ဖော်ပြသည်။

မြန်မာဒုက္ခသည်များအနေဖြင့် ၎င်းတို့၏ အိမ်၊ အဆောက်အအုံများ မွှေနှောက်ခံထားရသလို ပြန်သွားပါကလည်း အသက်မွေးဝမ်းကျောင်းအလုပ်များ မရှိတော့သည့်အတွက် အများအပြားသည် အခြားနေရာများသို့ ထွက်ခွာရန် ရွေးချယ်ဆုံးဖြတ်ထားခဲ့ကြသည်ဟု သိရသည်။

ဒုက္ခသည် အများအပြားသည် ယခုအခါ KNU ထိန်းချုပ်သည့် ကရင်ပြည်နယ် ဧရိယာတစ်ခုသို့ ဝင်ရောက်ခိုလှုံရန် ကြိုးပမ်းလျက်ရှိသည်ဟု သိရသည်။

မကြာသေးခင်က ဒုက္ခသည်ထောင်ချီ ကရင်ပြည်နယ်ထဲ ဝင်ရောက်ခဲ့ကြကြောင်း KNU ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Thai Enquirer ကို ပြောခဲ့သည်။ ထိုင်းနယ်စပ်ရှိ ခိုလှုံရာနေရာစခန်းများတွင် အခြေအနေသည် အင်မတန် ခက်ခဲကြမ်းတမ်းလွန်းသည်ဖြစ်ရာ ထိုင်းဘက်မှ ပြန်လာသည့် ဒုက္ခသည်အများစုသည် ၎င်းတို့သဘောဆန္ဒအလျောက် ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly