သထုံမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရ

သထုံမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရ

ဖေဖော်ဝါရီ ၄

မွန်ပြည်နယ်၊ သထုံမြို့နယ် သိမ်ဆိပ်ရွာမှ လေးကေ့ကော်သို့ သွားသည့်လမ်းမပေါ်ရှိ ထုံးဖိုကြီးရွာနှင့် ထုံးဖိုလေးကျေးရွာကြားတွင် စစ်ကောင်စီစစ်ကြောင်းအား ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက် နံနက် ၅ နာရီ ၅ မိနစ်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သထုံပြည်သူ့ ပြောက်ကျားတပ်ဖွဲ့ (TPG)အဖွဲ့ဝင်က‌ ပြောသည်။

"သူတို့က ထုံးဖိုကြီး ဘုန်းကြီးကျောင်းတို့ ထီမင်္ဂလာ ဘုန်းကြီးကျောင်းတို့မှာ နေရာသွားယူဖို့ ထင်တယ်။ ထုံးဖိုလေးအကျော်မှာပဲ ဖြတ်တိုက်လိုက်တော့ သူတို့မသွားနိုင်တော့ဘူး။ ပြန်လှည့် သွားခဲ့ပါတယ်။ ငါးယောက်သေပြီး သုံးယောက်ဒဏ်ရာရတယ်"ဟု TPGအဖွဲ့ဝင်က ဆိုသည်။

ထုံးဖိုလေး ဘုန်းကြီးကျောင်းတွင် တပ်ဆွဲထားသည့် စစ်ကောင်စီတပ်က အင်အား၄၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသောကြောင့် မိုင်းနှစ်လုံးဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ငါးဦး သေဆုံးခဲ့ရာ နှစ်လောင်းအား ထုံးဖိုလေး ဘုန်းကြီးကျောင်းတွင် မြုပ်နှံခဲ့ပြီး ကျန် သုံးလောင်းအား ဝီယော်စခန်းသို့ သယ်ဆောင်သွားကြောင်း ၎င်းက ဆိုသည်။

ထိုတိုက်ခိုက်မှုကို KNLA တပ်မဟာ(၁)၊ တပ်ရင်း(၂)၊ တပ်ခွဲ (၁) အဖွဲ့ဝင်များနှင့် TPG တပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီလ ၁၃ ရက်ကလည်း သထုံမြို့၊ သိမ်ဆိပ်ရွာမှ လေးကေ့ကော်သို့ သွားသည့် လမ်းပိုင်းပေါ်ရှိ စောအဲ့ဖိုးကျေးရွာ အဝင်ဂိတ်အနီးတွင် သထုံမြို့ တပ်ရင်း(၉)မှ ထွက်လာသော စစ်ကောင်စီ ထောက်ပို့ယာဉ် ၂၃စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required