လူမျိုးကြီးဝါဒကြောင့် ပြည်တွင်းစစ် ရှည်ကြာရခြင်းဖြစ်သည်ဟု NUG ယာယီ သမ္မတ ပြော

By သတင်းနှင့် မီဒီယာ ကွန်ရက်။
03 February 2022
လူမျိုးကြီးဝါဒကြောင့် ပြည်တွင်းစစ် ရှည်ကြာရခြင်းဖြစ်သည်ဟု NUG ယာယီ သမ္မတ ပြော

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်။

ပြည်တွင်းစစ် ရှည်ကြာရသည့် အဓိက အကြောင်းအရင်းမှာ စစ်တပ်က ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို ကျင့် သုံးရန် ငြင်းပယ်ပြီး လူမျိုးကြီးဝါဒကို စွဲကိုင်ခြင်းကြောင့်ဖြစ်သည်ဟု ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုး ရ NUG ယာယီ သမ္မတ က ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နွေဦးတော်လှန်ရေး ၁ နှစ်ပြည့်သည့် နေ့တွင် NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြည်သူလူထုထံသို့ ပြောကြားသည့် မိန့်ခွန်းထဲတွင် ထိုသို့ ထည့်ပြောသွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယာယီ သမ္မတ ဒူဝါလရှီးလ က “စစ်အာဏာရှင် အဆက်ဆက်ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကျင့်သုံးဖို့ ငြင်းပယ်ခဲ့ ကြတယ်။ ဒီမိုကရေစီကို ငြင်းပယ် ခြင်းအားဖြင့် ပြည်သူတစ်ဦးချင်းရဲ့ လွတ်လပ်မှု၊ လူ့အခွင့်အရေးများ ဆိတ် သုဥ်းခဲ့ရတယ်။ ဖက်ဒရယ်ကို ငြင်းပယ်ခြင်းကြောင့် တိုင်းရင်းသားများ လိုလားတဲ့ တန်းတူရေးနဲ့ တရားမျှတမှု အခွင့်အလမ်းများ ဆိတ်သုဥ်းခဲ့ရတယ်။ စစ်အုပ်စုနားလည်တာက နိုင်ငံရေးမှာ စစ်တပ်က အစဥ်အဆက် ဗိုလ်ကျ စိုးမိုးရေးနဲ့ လူမျိုးကြီးဝါဒပဲ ဖြစ်တယ်။ နိုင်ငံရေးအာဏာကို နှစ်ပေါင်းများစွာ ချုပ်ကိုင်လွမ်းမိုးထားပြီးတဲ့ နောက် စစ်တပ်ဟာ သီးသန့် လူတန်းစားတစ်ခုဖြစ်လာတယ်” ဟု ပြောသည်။

စစ်အာဏာရှင် အဆက်ဆက်က တိုင်းပြည်၏ အာဏာကို ပြည်တွင်းစစ်ကြီးနှင့်အတူ ရှေရှည်ထိန်းထားနိုင်ရန် အတွက် ဖက်ဒရယ် စနစ်သည် ပြည်ထောင်စုမှ တိုင်းရင်းသားများ ခွဲထွက်ခြင်းဟု ဝါဒဖြန့် ပြောဆိုမှုများ ရှိခဲ့ သည်ဟု တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။

ထို့ကြောင့် ထိုစနစ်ကို ခွင့်ပြု လိုက်ပါက တိုင်းပြည် အစိတ်စိတ် အမွှာမွှာ ကွဲသွားမည်ဖြစ်သည့်အတွက် တိုင်းရင်း သား စည်းလုံး ညီညွတ်ရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး စသည့် အချက် များကို စွဲကိုင်ပြီး ရှည်လျားသည့် ပြည်တွင်းစစ်ကို အကြောင်းပြုကာ စစ်တပ်က အကြိမ်ကြိမ် အာဏာသိမ်း ခဲ့သည်ဟု ဆိုသည်။

ထိုသို့ စစ်တပ်က အာဏာကို နှစ်ပေါင်းများစွာ မတရား ရယူထားသည့်အတွက် ၎င်းတို့မှာ အခွင့်ထူးခံ လူတန်း စား တစ်ရပ်ကဲ့သို့ ဖြစ်လာပြီး တိုင်းသူပြည်သားများကိုလည်း ကျွန်ဇာတ်သွင်းခဲ့သည်ဟု NUG ယာယီ သမ္မတ က ဒူဝါလရှီးလ ကပြောသည်။

၎င်းက “သူတို့ဝါဒက ပြည်သူဟာ စစ်တပ်ကို အစဥ်အမြဲ ကျိုးနွံနေရမယ်၊ ပြည်သူဟာ စစ်တပ်ပြု သမျှ နုရမယ် ဆိုတဲ့ ဝါဒပဲ။ တစ်နည်းအားဖြင့် စစ်တပ်က ပြည်သူကို ကျွန်ဇာတ်သွင်းတဲ့ ဝါဒပဲ၊ စစ်ကျွန်ဘဝမှာ တိုင်းရင်သား ပြည်သူတစ်ရပ်လုံး လူ့ဂုဏ်သိက္ခာ ထိခိုက်ဆုံးရှုံးခဲ့ကြရတယ်။ စစ်အုပ်စုဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကျင့် သုံးဖို့ ငြင်းပယ်ခြင်းအားဖြင့် ပြည်တွင်းစစ်ကို မီးမွှေးပေးခဲ့တယ်။အနှစ်(၇၀) ကျော် ပြည်တွင်းစစ် သည်ပင် လျှင် စစ်အုပ်စုရဲ့ အကျိုးစီးပွါး ဖြစ်လာ တယ်။ ပြည်တွင်းစစ်ကို အကြောင်းပြုပြီး ပြည်ထောင်စုမပြို ကွဲရေး၊ အချုပ်အချာအာဏာ မဆုံးရှုံး ရေး ကြွေးကြော်သံများနဲ့ အကြိမ်ကြိမ် အာဏာသိမ်းခဲ့တာလည်း ဖြစ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က ဗိုလ်ကျစိုးမိုးနေသမျှ၊ စစ်အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒ သက်ဆိုးရှည်နေသမျှ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ ဖွံဖြိုးတိုးတက်မှု အခွင့်အလမ်းများ လက်လွတ် ဆုံးရှုံးနေရမည်ဟု ဆိုသည်။

ထို့ကြောင့် ပြည်တွင်းစစ်ရှည်ကြာရခြင်း၏ အဓိက တရားခံမှာ စစ်အုပ်စုဖြစ်သည့်အတွက် စစ်အာဏာရှင် စနစ် ကို အမြစ်ပြတ် တွန်းလှန် ဖယ်ရှားပစ်ရန်မှတပါး အခြားနည်းလမ်းမရှိဟု NUG ယာကီ သမ္မတ က ပြောသည်။

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တွန်လှန်ပယ်ရှားနိုင်မည်ဆိုပါက လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှု ဟု ဆိုသည့် လောကပါလတရားများ ထွန်းကားပြီး လူမှုစီးပွား ဖွံဖြိုးတိုးတက်သော ကမ္ဘာ့အဆင့်မှီ နိုင်ငံသစ်ကို ထူထောင်နိုင်မည်ဟု NUG သမ္မတ ဒူဝါလရှီးလ က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required