မြန်မာနိုင်ငံ အကျပ်အတည်းအပေါ် အလွန်အမင်း စိုးရိမ်ဟု ကုလလုံခြုံရေးကောင်စီ ထုတ်ပြန်

မြန်မာနိုင်ငံ အကျပ်အတည်းအပေါ် အလွန်အမင်း စိုးရိမ်ဟု ကုလလုံခြုံရေးကောင်စီ ထုတ်ပြန်

ဖေဖော်ဝါရီ ၃

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်အခြေအနေကာလ သက်တမ်းတိုးခဲ့မှုနှင့် ယင်း၏ စိုးရိမ်ဖွယ် သက်ရောက်မှုအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဖေဖေါ်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

တဆက်တည်းမှာပင် မြန်မာပြည်သူလူထု၏ သဘောဆန္ဒ၊ အကျိုးတရားနှင့် တပြေးညီ အခြေအနေကို ပြေလည်အောင် ဖြေရှင်းရေးအတွက် ဆွေးနွေးမှုများ လုပ်ဆောင်ရန် လုံခြုံရေးကောင်စီက တိုက်တွန်းခဲ့သည်။

မြန်မာစစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်မြောက်ခဲ့ချိန် လုံခြုံရေးကောင်စီတွင်း အများဆန္ဒဖြင့် သဘောတူခဲ့သည့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် မြန်မာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ပုဂ္ဂိုလ် အားလုံးကို ပြန်လွှတ်ပေးရေးအတွက် အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီက ထပ်မံ တောင်းဆိုခဲ့သည်။

မြန်မာတွင် စစ်အာဏာသိမ်းမှုကြောင့် ဆန္ဒပြပွဲများကို ဖြစ်ပေါ်စေခဲ့ပြီးနောက် စစ်အုပ်စု၏ အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁,၅၀၀ ခန့် သေဆုံးခဲ့ရသလို အခြားလူပေါင်း ၁၁,၈၀၀ ခန့်သည်လည်း မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး၏ ကိန်းဂဏန်းများအရ သိရသည်။
မြန်မာနိုင်ငံတဝန်း အကြမ်းဖက်မှုအားလုံး ရပ်တန့်ရေးနှင့် အရပ်သားပြည်သူများကို ကာကွယ်စောင့်ရှောက်ရေးအတွက် လုံခြုံရေးကောင်စီက ထုတ်ပြန်ချက်တွင် တောင်းဆိုခဲ့သည်။

“မြန်မာနိုင်ငံမှာ မကြာသေးခင်က အကြမ်းဖက်မှုတွေ မြင့်တက်ခဲ့မှုအပေါ် လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက အထူး စိုးရိမ်ကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်၊ နောက်ပြီး ပြည်တွင်း နေရပ်စွန့်ခွာရသူဦးရေ များပြားလာနေမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်၊ ကျန်းမာရေးနဲ့ ပညာရေး အဆောက်အအုံတွေ အပါအဝင် အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေကိုလည်း သူတို့ ပြစ်တင်ရှုတ်ချခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံရေး၏ သက်ဆိုင်သူအားလုံးနှင့် ဆွေးနွေးမှု လုပ်ဆောင်ရေး၊ မြန်မာပြည်သူတို့၏ သဘောဆန္ဒ ၊ အကျိုးတရားနှင့်အညီ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ဆောင်ရန် လုံခြုံရေးကောင်စီက ထပ်မံတောင်းဆိုထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required