ရေးမြို့ အစင်ကျေးရွာက စစ်​ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံး

ရေးမြို့ အစင်ကျေးရွာက စစ်​ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံး

ဖေဖော်ဝါရီ ၃

မွန်ပြည်နယ်၊ ရေးမြို့ မွေးမြူရေးဇုန် အကျော် အဘော်ကျေးရွာအဝင် လမ်းဝရှိ ရေး - အစင်ရွာ သွားကားလမ်းပေါ်၌ ယမန်နေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီခန့် အစင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်ဆိုသူသည် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ဦးခေါင်းထိမှန်သွားသည်ဟု ဒေသရင်းမြစ်ထံမှ သိရသည်။

"သေနတ်သမားတွေက ဆိုင်ကယ်နဲ့ နောက်ကနေ လိုက်လံပြီး ပစ်ခတ်ခဲ့တာပါ၊ လမ်းဖွင့်ပွဲကနေ အိမ်အပြန်မှာ ပစ်ခတ်ခံရတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ပစ်ခတ်ခံရပြီးနောက် ဦးမောင်မြင့်ဆိုသူ ကို ဆေးရုံသို့ အရေးပေါ် တင်ပို့စဉ် လမ်းတွင် သေဆုံးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်နှင့် တစ်ကားတည်း အတူစီးလာသူ ပြည်သူ့စစ်ဟောင်း ဦးနေလှသည်လည်း သေနတ်ထိမှန် သေဆုံးခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ဖြစ်စဥ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အစင်ရွာသား သုံးဦးကို ဖမ်းဆီးထားပြီး သေနတ်သမားကို လမ်းဆုံနေရာများတွင် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်သွားခြင်းဖြစ်သည်။ အဆိုပါပစ်ခတ်မှုကို YGF အဖွဲ့မှ ပြုလုပ်သည်ဟု သိရသည်။

သေနတ်ဖြင့်ပစ်ခံရသူ အစင်ရွာအုပ်ချုပ်ရေးမှူးသည် ကျေးရွာအတွင်း နိုင်ငံရေးတက်​ကြွ လှုပ်ရှားသူများကို သတင်းပေးခြင်း၊ ဖမ်းဆီးခိုင်းခြင်းနှင့် ကျေးရွာပိုင် လယ်ကွက်များကိုလည်း စစ်တပ်နှင့်ပေါင်းကာ ကိုယ်ကျိုးအတွက် အကွက်ရိုက်ရောင်းစားခြင်းများလည်းရှိသည်ဟု ဒေသခံများကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly