နိုင်ငံတော်သစ်နှင့် တပ်မတော်သစ် မကြာမှီ ပေါ်လာတော့မည်ဟု NUG ယာယီသမ္မတ ပြော

By သတင်းနှင့် မီဒီယာ ကွန်ရက်၊
02 February 2022
နိုင်ငံတော်သစ်နှင့် တပ်မတော်သစ် မကြာမှီ ပေါ်လာတော့မည်ဟု NUG ယာယီသမ္မတ ပြော

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်။

ပြည်သူ့အာဏာကို အခြေခံသည့် နိုင်ငံတော်အသစ်နှင့် ပြည်သူတိုင်းကို အကာအကွယ်ပေးမည့် တပ်မတော် အသစ်တစ်ခု မကြာမှီ ပေါ်ပေါက်လာတော့မည်ဟု ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောကြားလိုက်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နွေဦးတော်လှန်ရေး ၁ နှစ်ပြည့်သည့် နေ့တွင် ယာယီသမ္မတ က ပြည်သူလူထုထံသို့ ပြောကြားသည့် မိန့်ခွန်းထဲတွင် ထိုသို့ ထည့်ပြောသွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယာယီ သမ္မတ ဒူဝါလရှီးလက “တို့ပြည်သူ များ ရည်မျှော်တဲ့ အနာဂတ်မြန်မာနိုင်ငံတော်သစ် (New Myanmar) ကို ပုံဖော်ထုဆစ်မယ်သူ ဟာလည်း မြန်မာပြည်သူများ ကိုယ်တိုင် ဖြစ်ပါတယ်။ မကြာသောကာလမှာ တိုင်းရင်း သားပြည်သူတွေရဲ့ ညီညွတ်မှု စွမ်းပကားကြောင့် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ဟာ ကမ္ဘာ့ အလယ်မှာ ဂုဏ်သိက္ခာရှိရှိ ပေါ်ထွန်းလာတော့မှာ ဖြစ်ပါတယ်” ဟု ဖြစ်သည်။

လက်ရှိတော်လှန်ရေးသည် နိုင်ငံ၏ ကဏ္ဍပေါင်းစုံတွင် ဗိုလ်ကျစိုးမိုးနေသည့် စစ်အာဏာရှင်စနစ်ကို အပြစ်ပြတ် တော်လှန်သွားမည်သာမက အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ငြိမ်းချမ်းပြီး သဟဇာတဖြစ်သည့် လူ့အဖွဲ့အစည်းတစ်ခုကို နိုင်ငံတော်သစ်တွင် တည်ဆောက်သွားမည်ဟု NUG ယာယီ သမ္မတ က ဆိုသည်။

“စစ်အာရှင် စနစ်ဖယ်ရှားပြီးတဲ့အခါ ဘယ်လိုအနာဂတ်မျိုးကို ကျွန်တော်တို့ မျှော်မှန်းပါသလဲ၊ တိုင်းသူပြည် သားအားလုံး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပြည့်အဝရရှိတဲ့ နိုင်ငံတော်၊ တိုင်းရင်းသား အားလုံး တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်တည်းဟူသော ဖက်ဒရယ်အခွင့်အရေးများ အပြည့်အဝ ရရှိတဲ့ ပြည်ထောင်စု၊ ခွဲခြားမှု ကင်းတဲ့၊ ငြိမ်းချမ်းတဲ့၊ သဟဇာတဖြစ်တဲ့ လူအဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာဖို့ မျှော်မှန်းထားတာ ဖြစ်တဲ့ အတွက် မွန်မြတ်သန့်စင်တဲ့ တော်လှန်ရေး ဖြစ်တယ် လို့ဆိုချင်ပါတယ်။ အခုဆိုရင် အနာဂတ် မြန်မာ နိုင်ငံတော် သစ် (New Myanmar) ရဲ့ အာရုဏ်ဦးကို ပြည်သူ့တော်လှန်ရေးနဲ့အတူ ကျွန်တော်တို့ မျက် မှောက်ပြုနိုင်ပြီ ဖြစ် ပါတယ်” ဟု ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောသည်။

ထိုသို့ တည်ဆောက်နိုင်ရန်အတွက် တော်လှန်ရေးအင်အားစုများ အနေဖြင့် ပြိုဆင်းနေပြီဖြစ်သည့် စစ်ကောင်စီ ကို အနားမပေးစတမ်း ဆက်လက်တော်လှန်ကြရန်နှင့် ပြည်သူများအနေဖြင့်လည်း နွေဦးတော်လှန်ရေးတွင် နိုင် ရာကဏ္ဍမှ ပါဝင်ပေးကြရန် ယာယီသမ္မတ က တောင်းဆိုထားသည်။

ထို့အပြင် နိုင်ငံတော် အသစ်နှင့်အတူ ပြည်သူကို အကာအကွယ်ပေးမည့် တပ်မတော်အသစ် တစ်ရပ်ကိုလည်း တည်ထောင်သွားမည်ဖြစ်ပြီး လက်ရှိတွင် NUG အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များကို ဖွဲ့စည်း ထား နိုင်သည်သာမက ထိုအဖွဲ့အများသည်လည်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ နှင့် ဟန်ချက်ညီညီ ပူးပေါင်း တိုက်ပွဲဝင်လျက်ရှိသည်ဟု ယာယီ သမ္မတ ဒူဝါလရှီးလက ဆိုသည်။

၎င်းက “စစ်အာဏာရှင် အတွေးအခေါ် ကြီးစိုးပြီး ပြည်သူကို ရန်ပြု အကြမ်းဖက်နေတဲ့ စစ်တပ်ကို ဖျက်သိမ်း ပစ်ဖို့နဲ့ ပြည်သူကို အမှန်တကယ် ကာကွယ်စောင့်ရှောက်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် အပေါ် ယုံကြည်သက် ဝင်တဲ့ တပ်မတော်သစ်တစ်ရပ် တည်ထောင်ဖို့ဆိုတာလည်း သမိုင်းရဲ့ တောင်းဆိုချက်ဖြစ်ပါ တယ်။ပြည်သူ့တော် လှန်မှု တစ်နှစ်တာကာလအတွင်း “ပြည်သူ့ကာကွယ်ရေး တပ်မတော်” PDFကို ဖွဲ့စည်းထူ ထောင်နိုင်ခြင်းဟာ မြန် မာ ပြည်သူတွေရဲ့ အရေးကြီးတဲ့ စွမ်းဆောင်မှု ဖြစ်ပါတယ်။ အခုဆိုရင် ပြည်သူ့ ကာကွယ်ရေးတပ်မတော်ဟာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ (EAOs) များနဲ့ လက်တွဲပြီး စုဖွဲ့မှု၊ ဗဟိုအမိန့်ပေးကွပ်ကဲမှုစနစ် တည်ဆောက် မှု၊ စစ်မဟာဗျူဟာ ညှိနှိုင်းရေးဆွဲမှုနဲ့ စုပေါင်း အကောင်အထည်ဖော်မှုများ တိုးတက်အားကောင်း လာပြီဖြစ်တဲ့ အတွက် တော်လှန်ရေးခရီး မဝေးတော့ဘူးလို့ ကျနော်တို့ ပြောချင်ပါတယ်” ဟု ပြောသည်။

အနာဂတ် တပ်မတော်သစ် ထူထောင်ရန်အတွက် စစ်ကောင်စီ၏ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ကို ပြည်သူ့ရင်ခွင်က ဆက်လက်ကြိုဆိုနေမြဲဖြစ်ပြီး ပြည်သူများနှင့် အမြန်ဆုံးလာရောက်ပူးပေါင်းရန် NUG ယာယီ သမ္မတက တိုက်တွန်း ထားသည်။

လက်ရှိ နွေဦးတော်လှန်ရေးသည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မဲရလဒ်ကို အကြောင်းပြုကာ စစ်တပ်က NLD အရပ် သား အစိုးရထံမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မတရား အာဏာသိမ်းယူခဲ့ရာမှ စတင်ခဲ့သည်။

ထိုသို့ အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းရှိပြည်သူများက စစ်အာဏာရှင် အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ပြည်သူများကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့သည့်အတွက် ပြည်သူ ၁၅၀၀ ကျော်သေဆုံးပြီး တစ်သောင်းကျော်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ထိုသို့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခံခဲ့ရသော်လည်း ပြည်သူများအနေဖြင့် စစ်အာဏာရှင် တော်လှန်ဆန့်ကျင်ရေး တွင် လျော့ကျသွားခြင်းမရှိပဲ မိမိတို့ လိုလားတောင်းတနေကြသည့် အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ကိုယ်ကြမ္မာကိုယ်ဖန်တီးနိုင်သည့် ဖက်ဒရယ်နှင့် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်သည် အထိ ဆက်လက်ကြိုးပမ်းသွားမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required