အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှု ရပ်တန့်ရေး စစ်ကောင်စီကို ဩစတြေးလျ တောင်းဆို

အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှု ရပ်တန့်ရေး စစ်ကောင်စီကို ဩစတြေးလျ တောင်းဆို

ဖေဖေါ်ဝါရီ ၂

မြန်မာစစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ချိန်တွင် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး မြန်မာတွင် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရေး၊ စစ်ကောင်စီဘက်မှ အရပ်သားပြည်သူများအပေါ် ပြင်းထန်ရက်စက်သော လုပ်ရပ်များ လုပ်ဆောင်နေမှု ရပ်တန့်ရေး၊ ဖမ်းဆီးခံ ဩစတြေးလျစီးပွားရေးပညာရှင် ရှောင်တာနဲလ်ကို ပြန်လွှတ်ပေးရေး တောင်းဆိုခဲ့ကြောင်း သိရသည်။

ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး မရိုက်စ် ပိန်း၏ ထုတ်ပြန်ချက်ထဲတွင် ပြီးခဲ့သည့် ၁၂ လ အတွင်း မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်များဘက်က မြန်မာပြည်သူများအပေါ် ကျူးလွန်ထားခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်ပြီး ထုတ်ဖော်သွားခဲ့သည်။

၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နောက်ပိုင်း အာဏာသိမ်းစစ်တပ်၏ ကြောက်မက်ဖွယ်ကောင်းသည့် အကြမ်းဖက်မှု၊ အခြေခံအခွင့်အရေးများကို လျစ်လျူရှုမှုတို့ကြောင့် မြန်မာနိုင်ငံတဝန်း လူသားချင်းစာနာမှု၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ အကျပ်အတည်းများကို ဖြစ်ပေါ်စေခဲ့သည်ဟု သူမက ပြောသည်။

“အရပ်သားတွေအပေါ် အကြမ်းဖက်နည်းလမ်း အသုံးပြုတာနဲ့ အခြားသော ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ဩစတြေးလျဘက်က ရှုတ်ချပါတယ်” ဟု ပိန်းက ပြောသည်။

“အာဏာသိမ်းစစ်တပ်ဘက်က ထိန်းချုပ်သည်းခံ လုပ်ဆောင်ဖို့နဲ့ ဩစတြေးလျ ပါမောက္ခ ရှောင်တာနဲလ် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့ မိမိတို့ တိုက်တွန်းတယ်” ဟု ၎င်းက ပြောခဲ့သည်။

“မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းဆီ ငြိမ်းငြိမ်းချမ်းချမ်း ပြန်ရောက်စေဖို့အတွက် အာဏာသိမ်းစစ်တပ်ဘက်က အားလုံးပါဝင်တဲ့ ဆွေးနွေးမှုမှာ အဓိပ္ပါယ်ရှိရှိ ပါဝင်ဖို့ မိမိတို့ တိုက်တွန်းပါတယ်” ဟုလည်း ၎င်းက ပြောသွားခဲ့သည်။

“ဩစတြေးလျအနေနဲ့ မြန်မာမှာ အကူအညီအလိုအပ်ဆုံးသူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့နိုင်ဖို့ ဆက်လုပ်သွားမှာဖြစ်သလို ဒီ အကျပ်အတည်းတွေကို တုံ့ပြန်ရာမှာ ဒေသတွင်းနဲ့ နိုင်ငံတကာ မိတ်ဖက်ပါတနာတွေနဲ့ လက်တွဲလုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required