မြန်မာစစ်တပ်က ဆွေးနွေးပွဲများတွင် ပါဝင်ရမည်ဖြစ်သော်လည်း ငြိမ်းချမ်းရေး ဖြေရှင်းမှု၌ မဦးဆောင်စေရ ဟု ကုလအထူးသံတမန် ပြော 

မြန်မာစစ်တပ်က ဆွေးနွေးပွဲများတွင် ပါဝင်ရမည်ဖြစ်သော်လည်း ငြိမ်းချမ်းရေး ဖြေရှင်းမှု၌ မဦးဆောင်စေရ ဟု ကုလအထူးသံတမန် ပြော 

ဖေဖော်ဝါရီ ၂

မြန်မာစစ်တပ်ကို လျစ်လျူရှုထား၍ မရဘဲ နောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဖယ်ချန်ထားခြင်း မပြုနိုင်ကြောင်း ပဋိပက္ခဒဏ်သင့် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ အထူးသံတမန် နိုလင်း ဟေဇာက ပြောသည်။ 

စစ်တပ်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်၌ အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။ 

“စစ်တပ်ဟာ တရားဝင် အုပ်ချုပ်သူ မဟုတ်ဘူးလို့ ကျွန်မ ပြောပေမယ့် ဒါဟာ သူတို့ရဲ့ အခန်းကဏ္ဍ မရှိဘူးလို့ ဆိုလိုတာ မဟုတ်ဘူး၊ သူတို့မှာလည်း တရားဝင်တဲ့ အခန်းကဏ္ဍတစ်ရပ်တော့ ရှိထားတယ်၊ ဒါပေမဲ့ ခုချိန်မှာတော့ သူတို့ဟာ တရားဝင် အစိုးရမဟုတ်ဘူး”ဟု ကုလသမဂ္ဂ၏ တတိယမြောက် အရာရှိဟောင်းဖြစ်ပြီး လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်က မြန်မာဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခံရသည့် နိုလင်း ဟေဇာက Channel News Asia နှင့် တနင်္လာနေ့က အင်တာဗျူးတွင် ပြောသည်။ 

နိုင်ငံ၏ အနာဂတ်အရေး မည်သို့သော ဆွေးနွေးပွဲမဆိုမှ အကြမ်းဖက်မှု မှတ်တမ်းများ ရှိသော စစ်တပ်ကို ဖယ်ချန်သင့်သည်ဟု အခိုင်အမာ ပြောဆိုထားသော ဒီမိုကရေစီ အဝေးရောက်အစိုးရ NUG က ထုတ်ပြန်ချက်များ ထွက်လာချိန်၌ နိုလင်း ဟေဇာက ယခုကဲ့သို့ ပြောလာခြင်းပဲ ဖြစ်သည်။ 

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီတွင် မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ချိန်မှစကာ ပြည်သူ ၁၄၀၀ ကျော် သတ်ဖြတ်ခံရပြီး ၁၂၀၀၀ အနည်းဆုံး ဖမ်းဆီးထောင်ချခံရသည်။ အရှိန်မြင့်လာသော ပဋိပက္ခ ထိပ်တိုက်တွေ့မှုများကြောင့် စီးပွားရေးလုပ်ငန်းများနှင့် စက်ရုံများစွာလည်း ပိတ်ရကာ နိုင်ငံ၌ ဆာလောင်ငတ်မွတ်မှုနှင့် ဆင်းရဲမွဲတေမှုလည်း တိုးမြင့်လာသည်။ 

ဒီဇင်ဘာတွင် ကယားပြည်နယ်၌ ကလေး လေးဦးနှင့် Save the Children အဖွဲ့မှ ဝန်ထမ်းများအပါအဝင် လူ ၃၅ ဦးကို သတ်ဖြတ်သည့် သတင်းနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရှုတ်ချခဲ့သည်။ 

“သတ်ဖြတ်မှုတွေကို အမှန်တကယ် ရပ်တန့်နိုင်ဖို့ နည်းလမ်း ရှာမတွေ့မချင်း အခြေအနေက ပိုပြီး ဆိုးလာလိမ့်မယ်”ဟု စစ်တပ်၏ အာဏာသိမ်းပြီး တစ်နှစ်ပြည့် အကြိုတွင် နိုလင်း ဟေဇာက ပြောသည်။ 

သို့ရာတွင် လာမည့် မည်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်မဆို စစ်တပ်သည် တစ်စိတ်တစ်ပိုင်းအားဖြင့် ပါဝင်လိမ့်မည်ဖြစ်သော်လည်း ရှေ့ဆက်တက်လှမ်းသည့် လုပ်ငန်းစဉ်များ၌ စစ်တပ်က ၎င်း၏ အင်အားကို အသုံးချခြင်း မရှိစေရဟု နိုလင်း ဟေဇာက အလေးထား ပြောဆိုသည်။ 

စစ်တပ်အား ဆန့်ကျင်သည့် လူငယ်တက်ကြွလှုပ်ရှားသူများကို ရပ်တည်ချက် အစွန်းမရောက်ရန်နှင့် ရေရှည်အားဖြင့် စဉ်းစားရန်လည်း ၎င်းက တိုက်တွန်းသည်။ 

“လူငယ်အများစု အထူးသဖြင့် ငယ်ငယ်ရွယ်ရွယ်တွေဟာ နိုင်ငံရေး အလုံးစုံ အသွင်ပြောင်းဖို့အတွက် သေတဲ့အထိ တိုက်ပွဲဝင်သွားဖို့ စိတ်ဆန္ဒရှိနေတယ်ဆိုတာ ကျွန်မ သိပါတယ်”ဟု ၎င်းက ပြောသည်။ 

“ဘယ်လို နိုင်ငံရေး အသွင်ကူးပြောင်းမှုမျိုးမဆိုဟာ နည်းစနစ်တွေ၊ ချမှတ်လုပ်ငန်းစဉ်တွေ လိုပါတယ်၊ ညတွင်းချင်း ဖြစ်မလာနိုင်ပါဘူး၊ ဒါကြောင့် သူတို့ကို ရှေ့ဆက်ရမယ့် ခရီးအတွက် အသက်ရှင်သန်ကြဖို့ ကျွန်မ လိုလားပါတယ်၊ အသက် စတေး မခံစေချင်ပါဘူး”ဟု သူက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required