မအူပင်မြို့တွင် ဗုံးပေါက်ကွဲမှု ၃ကြိမ်ဖြစ်ပွား ရဲ ၂ဦးသေ

မအူပင်မြို့တွင် ဗုံးပေါက်ကွဲမှု ၃ကြိမ်ဖြစ်ပွား ရဲ ၂ဦးသေ
ဓာတ်ပုံ - မအူပင်မြို့တွင် ယနေ့ပြုလုပ်နေသည့် တပ်ထောက်ခံပွဲ

ဖေဖော်ဝါရီ ၁

ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် ဖေဖေါ်ဝါရီလ ၁ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ၃ကြိမ်ဖြစ်ပွားသည့်အပြင် ပစ်ခတ်မှုဖြစ်ပွား၍ ရဲ ၂ဦး သေဆုံးသွားကြောင်း သိရသည်။

ပြည်သူများ အသံတိတ်သပိတ်ဆင်နွှဲနေချိန်တွင် မအူပင်-မယ်ဇလီလမ်းပေါ်၌ လမ်းသွားလမ်းလာများကို စစ်ဆေးပိုက်ဆံတောင်းနေသည့် မလက်တိုနယ်မြေရဲစခန်းမှ ဒုတပ်ကြပ် စောကြည်လွင်ကို အမည်မသိသေနတ်သမားတစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ နေရာမှာပင်သေဆုံးသွားခဲ့ပြီး မလက်တိုနယ်မြေရဲစခန်းအနီးမှာလည်း ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“အဲ့ကောင်က အမြဲမူးပြီး လမ်းပေါ်တတ်တက်ပြီး ပြဿနာရှာ ပိုက်ဆံတောင်းနေတာ လက်ပံကုန်း အနောက်ကြောမှာ ဒီကောင်တစ်ယောက်ထဲ ရှိနေတုန်း ဆိုင်ကယ်နဲ့ အနောက်ကနေ တေ့ပြီးပစ်သွားတာ ကျည်ဆံက တစ်ဖက်ပါ ဖောက်ထွက်သွားတယ် ပွဲချင်းပြီးပဲ၊ အဲ့ကောင်ပစ်ခံရပြီး လိုက်လာကြချိန် စခန်းမှာ ဗုံးပါထပ်ပေါက်တာ ဗုံးပေါက်တာတော့ ထိမသွားဘူး”ဟု မလက်တိုကျေးရွာနဲ့ နီးစပ်သူတစ်ဦးကပြောသည်။

မအူပင်မြို့အတွင်း တပ်ထောက်ခံပွဲလုပ်ဆောင်ရန် ရေလဲလမ်းဆုံအနီးလူစုနေစဉ် မြို့အဝင် စစ်ဆေးရေးဂိတ်ဖြစ်တဲ့ ခတ္တိယစစ်ဆေးရေးဂိတ်မှာလည်း ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ရဲ ၁ဦး သေဆုံးသွားကြောင်း သိရသည်။

“ဖြစ်တာက ၁၁နာရီလောက်မှာ မြို့ထဲလူစုမရတော့ ရွာတွေပါ ဆင်းခေါ်နေတော့ စစ်ဆေးရေးဂိတ်က ငြိမ်နေကြတာ အဲ့အချိန် ဝင်ပစ်သွားတာ ရဲတစ်ကောင် သေတယ် နှစ်ယောက် ဒဏ်ရာရတယ်ကြားတယ် အဲ့နှစ်ယောက်ကတော့ ဘယ်သူတွေလဲဆိုတာ မသိသေးဘူး”ဟု မအူပင်မြို့ခံတစ်ဦးကပြောသည်။

ယင်းအပြင် မအူပင်မြို့ပေါ်မှာရှိတဲ့ ရဲဝန်ထမ်း လိုင်းခန်းတစ်ခုအတွင်းမှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားရာတွင် လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် တပ်ထောက်ခံပွဲလုပ်ဆောင်ရန် လာရောက်စုဝေးနေကြသူတွေ အချို့ ပြန်လည်ထွက်ခွာသွားကြပြီး ထောက်ခံပွဲ ဆက်လက်လုပ်ဆောင်နိုင်ရန် အတွက် စစ်မှုထမ်းဟောင်းများနှင့် ကြံ့ခိုင်ရေးပါဝင်များသည် ရဲအစောင့်အရှောက်များကိုပါ ခေါ်ယူထားပြီး ရပ်ကွက်အတွင်း လိုက်လံစည်းရုံးနေကြောင်း သိရသည်။

မအူပင်မြို့ပေါ်တွင် ပြည်သူများကလည်း အသံတိတ်သပိတ်ကို ဆင်နွှဲနေကြပြီး စျေးဆိုင် လက်ဖက်ရည်ဆိုင်တွေမှာ လူသူကင်းမဲ့နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly