မြောင်းမြမြို့၌ အသံတိတ်သပိတ်နေ့တွင် စစ်တပ် ထောက်ခံပွဲလုပ်ရန် စစ်ကောင်စီ စီစဉ်

မြောင်းမြမြို့၌ အသံတိတ်သပိတ်နေ့တွင် စစ်တပ် ထောက်ခံပွဲလုပ်ရန် စစ်ကောင်စီ စီစဉ်
ဓာတ်ပုံ- ပုံအဟောင်း အသုံးပြုထားသည်။

ဇန်နဝါရီ ၃၁

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်အာဏာရှင် အလိုမရှိကြောင်း အသံတိတ် ဆန္ဒပြမည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် မြောင်းမြမြို့၌ စစ်တပ် ထောက်ခံပွဲ လုပ်ရန် စစ်ကောင်စီက စီစဉ်နေကြောင်း သိရသည်။

ယင်းစစ်တပ် ထောက်ခံပွဲကို ကြံ့ခိုင်ရေးပါတီ၊ စစ်မှုထမ်းဟောင်းအဖွဲ့နှင့် မဘသ ဘုန်းတော်ကြီးအချို့ ဦးဆောင်မည်ဖြစ်ပြီး တပ်ထောက်ခံပွဲ လာရောက်သူများ အတွက် အကြိုအပို့ကား စီစဉ်ပေးကာ ငွေကြေးနှင့် ခေါက်ဆွဲကြော်ထုတ်များ ပေးဝေရန် စစ်ကောင်စီက စီစဉ်ထားကြောင်း အမည်မဖော်လိုသူ စစ်မှုထမ်းဟောင်း တစ်ဦးက ပြောသည်။

“ဆိုင်တွေကို မဖွင့်မနေရ လိုက်ဖွင့်ခိုင်းထားတယ်၊ တပ်ထောက်ခံပွဲက မနက် ၉ နာရီစမယ်၊ နောင်ရိုးခန်းမနဲ့ ဘောလုံးကွင်းနားကနေ စမယ်၊ မြို့တစ်ပတ် ပတ်မယ်၊ ရဲနဲ့ စစ်သားတွေက လုံခြုံရေး ယူထားပေးမယ်လို့ ပြောတယ်၊ ပိုက်ဆံကတော့ အနီးအဝေး ရွာအလိုက် ၃ ထောင် ၅ ထောင်လို့ ကြားတာဘဲ၊ ပေးတယ် မပေးဘူးကတော့ မနက်ဖြန်မှ သိရမယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

မြောင်းမြမြို့တွင် စစ်ကောင်စီက မြန်မာ့စီးပွားရေးဘဏ်အနီး ကွမ်းယာ ရောင်းချနေသူ တစ်ဦးကို မတရား ဖမ်းဆီးကာ မျက်လုံးကွယ်၍ ခန္ဓာကိုယ် ချို့တဲ့သည်အထိ ရိုက်နှက်နှိပ်စက် ပြီးနောက် အပြစ်မရှိဟုဆိုကာ နေအိမ်ကို ပြန်လည် ပို့ဆာင်ခဲ့ခြင်းကြောင့် မြို့ခံလူထုက မကျေမနပ် ဖြစ်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly