နိုင်ငံရေးနှင့် စစ်ရေးအပေါ် KNU ၏ ရပ်တည်ချက် ခိုင်မာပြတ်သားဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ ရှူမြင်

နိုင်ငံရေးနှင့် စစ်ရေးအပေါ် KNU ၏ ရပ်တည်ချက် ခိုင်မာပြတ်သားဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ ရှူမြင်

ဇန်နဝါရီ ၃၁

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် လက်ရှိ ဖြစ်ပွားနေသော နိုင်ငံရေးနှင့် စစ်ရေးအပေါ် KNU ၏ ရပ်တည်ချက်များသည် ခိုင်မာပြတ်သားသော လုပ်ရပ်များအဖြစ် ရှူမြင်ကြောင်း ရက္ခိုင့်တပ်တော် (AA) ၊ တအောင်း လွတ်မြောက်ရေးတပ် (TNLA)နှင့် ကိုးကန့်တပ်မတော် (MNDAA ) မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ထုတ်ပြန် ပြောကြားလိုက်သည်။

ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျရောက်သော (၇၃) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားသို့ မြောက်ပိုင်းညီနောင် သုံးဖွဲ့က ပေးပို့သော သဝဏ်လွှာတွင် ထိုသို့ ပြောဆိုထားခြင်း ဖြစ်သည်။

ကိုးကန့်၊ တအာင်း၊ အေအေ ညီနောင် မဟာမိတ် အဖွဲ့အစည်းများသည် တူညီသော စစ်ရေး၊ နိုင်ငံရေး၊ ရည်မှန်းချက်များဖြင့် မိမိတို့ လူမျိုးများ၏ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ရရှိရေးတို့ အတွက် ဘုံရန်သူအား တော်လှန်တိုက်ပွဲဝင်နေသည့် အတွက် ဘုံရန်သူတူပြီး စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တူသော အခြားသော မိတ်ဖက် အဖွဲ့အစည်းများနှင့် ဟန်ချက်ညီညီ စုပေါင်း လုပ်ဆောင်မည် ဖြစ်ကြောင်း သဝဏ်လွှာတွင် ပြောထားသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရခဲ့သော်လည်း အခြားသော တိုင်းရင်းသား လူမျိုးများမှာ စစ်အာဏာရှင် အစိုးရ၏ မတရား အနိုင်ကျင့် ဖိနှိပ်အုပ်ချုပ်မှု ခံနေရသောကြောင့် ခေတ်အဆက်ဆက် လက်နက်ကိုင် တိုက်ပွဲဝင်လာခဲ့ကြရာ လက်ရှိ ဗမာလူမျိုး အများစု ကြီးစိုးခြယ်လှယ်ထားသော အာဏာသိမ်း စစ်ကောင်စီကို ဗမာလူမျိုးများ ကိုယ်တိုင် ခုခံတွန်းလှန်သောစစ်ဖြင့် အပြီးသတ် တိုက်ထုတ်ချေမှုန်းရန် ကြိုးပမ်းနေမှုသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်မှုကို ဖော်ပြရာ ရောက်ပြီး တစ်နိုင်ငံလုံး မလိုလားမှုကို ပြသနေခြင်း ဖြစ်ကြောင်းလည်း ညီနောင်မဟာမိတ် (၃) ဖွဲ့က ဆိုသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) ကို ၁၉၄၇ ခုနှစ်တွင် ဦးစွာ ဖွဲ့စည်းကာ တန်းတူညီမျှရေး ရပိုင်ခွင့်များကို နိုင်ငံရေး နည်းလမ်းဖြင့် တောင်းဆိုခဲ့သော်လည်း စစ်ရေးနည်းဖြင့် အကြမ်းဖက် ခံလာရသည့်အတွက် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် လက်နက်ကိုင် ခုခံတော်လှန်ရေးကို စတင်ခဲ့ရာ ထိုနေ့ကို ကရင့် တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ရာ (၇၃) နှစ် ရှိပြီဖြစ်သည်။

“မိမိတို့ ကရင်အမျိုးသား ခုခံတော်လှန်ရေး၏ ရည်ရွယ်ချက်သည် စစ်အာဏာရှင် စနစ်နှင့် လူမျိုးကြီးဝါဒကို ဖျက်သိမ်းပြီး အမျိုသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းချက်များကို အပြည့်အဝ အာမခံချက် ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံအစစ်မှန်ကို တည်ထောင်ရန်ဖြစ်သည်” ဟု KNU က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေများတွင် အဏာသိမ်း စစ်ကောင်စီတပ်နှင့် KNLA တပ်ဖွဲ့များအကြား တကျော့ပြန် တိုက်ပွဲပြင်းထန်နေပြီး ကော့ကရိတ်နှင့် လေးကေ့ကော်မြို့သစ် တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် ၅၀၀၀၀ ဝန်းကျင်ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly