အသံတိတ်သပိတ်နေ့ ဆိုင်ဖွင့်မည်ဟု လူမှုကွန်ရက်ပေါ်တင်သည့် ဆရာဂျီး မုန့်ဟင်းခါးဆိုင်ပိုင်ရှင် အကြမ်းဖက် ဖမ်းဆီးခံရ

အသံတိတ်သပိတ်နေ့ ဆိုင်ဖွင့်မည်ဟု လူမှုကွန်ရက်ပေါ်တင်သည့် ဆရာဂျီး မုန့်ဟင်းခါးဆိုင်ပိုင်ရှင် အကြမ်းဖက် ဖမ်းဆီးခံရ

ဇန်နဝါရီ ၃၁

မန္တလေးမြို့၌ ဖေဖော်ဝါရီ ၁ ရက်နေ့ ပြုလုပ်မည့် အသံတိတ် သပိတ်နေ့တွင် ဆိုင်ဖွင့်ခိုင်းသဖြင့်၊ ဆိုင်ဖွင့်မည် ဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည့် ဆရာဂျီး မုန့်ဟင်းခါးဆိုင်ပိုင်ရှင်ကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးသွားကြောင်း သိရသည်။

"မနေ့က အကြမ်းဖက် ဝင်ဖမ်းသွားပြီး ပြန်မလွှတ်သေးဘူး၊ စစ်ဆေးနေတယ်လို့ဘဲ ရပ်ကွက်ရုံးက ပြောတယ်၊ သူက ဆိုင်ဖွင့်ခိုင်းလို့ ဖွင့်မယ်ဆိုပြီး ဖေ့စ်ဘွတ်ပေါ် တင်တာပါ၊ နည်းနည်းပါးပါး ထေ့လုံးလေးတွေတော့ ပါတာပေါ့ဗျာ၊ အဲဒါကို ဟန်ငြိမ်းဦး အကောင့်ကနေ စစ်တပ်ကို ဖမ်းခိုင်းတော့ အနုကြမ်းစီးသလိုကို ဝင်ဖမ်းတာ" ဟု မန္တလေးမြို့ခံ တစ်ဦးက ပြောသည်။

ချမ်းအေးသာစံမြို့နယ် ၂၈ လမ်းနှင့် လမ်း ၇၀ အနီးရှိ ဆရာဂျီး မုန့်ဟင်းခါး ဆိုင်ပိုင်ရှင်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ ပြုလုပ်မည့် အသံတိတ်သပိတ်နှင့် စပ်လျဉ်း၍ အွန်လိုင်းပေါ် ပို့စ်တစ်ခု တင်ခဲ့သည်။

၎င်းပို့စ်တွင် "တစ်ရက်နေ့ ဆိုင်ဖွင့်ပါမည်။ မဖွင့်ရင် တည်ဆဲဥပဒေနှင့် အရေးယူပါမည်ဆိုတဲ့ စာရွက်ကြီးမှာ လက်မှတ်ထိုးလိုက်ရတာကိုး" ဟု ရေးသားထားပြီး စစ်ခေါင်းဆောင်အား ရည်ရွယ်သည့် အရေးအသား အချို့လည်း ပါဝင်သည်။

အွန်လိုင်းပေါ် ပြန့်နှံ့ခဲ့သည့် ဗီဒီယိုဖိုင်အရ ဝင်ရောက်ဖမ်းဆီးသည့် စစ်တပ် လက်နက်ကိုင်များသည် ၎င်းအား စစ်ဖိနပ်နှင့် နင်းခြင်း၊ ရိုက်နှက်ဆဲဆိုခြင်းများ ပြုလုပ်သည်ကို တွေ့ရပြီး ယင်းအတွက် ဝေဖန်မှုများ မြင့်တက်နေသည်။

"အခု စစ်တပ်ဟာ ပြည်သူနဲ့ လုံးဝကို အဝေးကြီး ဝေးသွားပြီ၊ ပြည်သူကို အကြောက်တရားနဲ့ ပိုကြမ်းတမ်းလာတာ တွေ့ရတယ်၊ အခု ဗီဒီယိုဖိုင်အရ ဆိုရင် တကယ့် စစ်မြေပြင် တိုက်ပွဲဝင်နေတဲ့ ပုံစံမျိုး၊ တကယ်တမ်းကြတော့ သူတို့ဝင်ကြမ်းပြတဲ့ ပြည်သူမှာ ဘာလက်နက်မှလည်း ရှိတာမဟုတ်ဘူး၊ မြန်မာစစ်တပ်ဟာ ဂျပန်ဖက်ဆစ်ထက် ဆိုးနေပြီ" ဟု မြို့ခံစာရေးဆရာကြီး တစ်ဦးက သုံးသပ်သည်။

ဆရာဂျီး မုန့်ဟင်းခါး ဆိုင်ပိုင်ရှင်ကို Silent Strike အသံတိတ်သပိတ် ပြုလုပ်ရန် လှုံ့ဆော်သည်ဟု အကြောင်းပြ၍ အသံတိတ်သပိတ်အား အားပေးထောက်ခံခြင်း၊ စစ်ခေါင်းဆောင်အား ဂုဏ်သိက္ခာ ကျဆင်းစေရန် ရေးသားလှုံ့ဆော်ခြင်း၊ PDF အား ငွေကြေးထောက်ပံ့ခြင်း စသည့် စွပ်စွဲချက်များဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း စစ်အုပ်စု သတင်းရပ်ကွက်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly