သတိထားရမည့် စစ်ကောင်စီ၏ ပျူစောထီးအခြေပြု တန်ပြန်စစ်

သတိထားရမည့် စစ်ကောင်စီ၏ ပျူစောထီးအခြေပြု တန်ပြန်စစ်

ဇန်နဝါရီ ၃၀

စစ်သားသစ်စုဆောင်းနိုင်ခြင်းမရှိတော့သည့် စစ်ကောင်စီတပ်သည် စစ်တပ်ထောက်ခံသူနှင့် ကြံ့ခိုင်ရေးပါတီဝင်အများစုအား ပျူစောထီးအမည်ပေးကာ လက်နက်တပ်ဆင်ပေးလျှက်ရှိသည်။

စစ်ကောင်စီတပ်သည် ထိုပျူစောထီးဆိုသူများအားအခြေပြုကာ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲပြင်းထန်သည့် စစ်ကိုင်းတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုများအား ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာခဲ့ကြသည်။

နယ်မြေကျွမ်းကျင်ပြီးသားဖြစ်ပြီး လစာပေးစရာမလိုသည့် ထိုပျူစောထီးဆိုသူများသည် စစ်ကောင်စီတပ်အတွက် ခါးပိုက်ဆောင်အသုံးတော်ခံ များဖြစ်လာခဲ့ကြရသည်။

သေစရာရှိက စစ်ရေးအတွေ့အကြုံနည်းလှသည့် ထိုပျူစောထီးဆိုသူများမှာ ရှေ့ဆုံးမှ အတုံးအရုံးသေကြရပြန်သည်။

ထိုသို့ ပျူစောထီးဆိုသူများအား သင်တန်းပေးကာ စစ်ကောင်စီတပ်သားများနှင့်အတူ စခန်းချထားသည့်ရွာမှာ စစ်ကိုင်းတိုင်းအတွင်းက ဇီးဖြူကုန်းရွာဖြစ်သည်။

စစ်တပ်ထောက်ခံသူနှင့် ကြံ့ခိုင်ရေးပါတီဝင် သုံးပုံနှစ်ပုံရှိသည့် ထိုရွာတွင် စစ်ကောင်စီတပ်သား ၃၀ ခန့်နှင့်ပျူစောထီးဆိုသူများ တပ်စွဲနေထိုင်နေကြသည်။

ကောင်းကင်ပေါ်မှ တဝီဝီအသံနှင့်အတူ ပေါက်ကွဲအားပြင်းလက်လုပ်မိုင်းနှင့် ၆၀ မမ ဗုံးသီးအချို့ ၎င်းတို့တပ်စွဲရာနေရာသို့ ကျရောက်ပေါက်ကွဲသည်။ ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နည်းပညာသုံးကာ ဒရုန်းများဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။

ဇန်နဝါရီလ ၂၈ ရက် ညနေခင်း ၄ နာရီအချိန် စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းရှိ ပျူစောထီးနှင့်စစ်ကောင်စီတပ်သားများ အထိုင်ချနေသည့် ဇီးဖြူကုန်းရွာအား ဒေသခံတော်လှန်ရေးတပ်များမှ တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

"သူတို့ကို ဘယ်ကပစ်နေမှန်းလည်းသိပုံမပေါ်ဘူး ရမ်းသမ်းပြီးပြန်ပစ်နေကြတယ် ဒဏ်ရာရလို့အော်တဲ့သူကအော် ကြောက်လန့်တကြားငိုတဲ့သူကငိုနဲ့ ပွဲတော်တော်ကြမ်းသွားတယ်" ဟုထိုနေ့က တိုက်ပွဲအခြေအနေကို Aung San Force-A.S.F တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောသည်။

ထိုနေ့တိုက်ပွဲတွင်တော့ စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဘက်မှ ငါးဦးသေဆုံးသည်ဟု ၎င်းကပြောသည်။

ပုလဲမြို့အနောက်ဘက် ၉ မိုင်ခန့်အကွာ ထိုဇီးဖြူကုန်းရွာတိုက်ခိုက်ခံရသည်မှာ ပထမဆုံးအကြိမ်တော့မဟုတ်ပေ။ ဇန်နဝါရီလအတွင်း သုံးကြိမ်မြောက်တိုက်ခိုက်ခံရခြင်းဖြစ်သည်။ ဇန်နဝါရီလ ၂၃ ရက်နေ့နှင့် ဇန်နဝါရီလ ၂၈ ရက်နေ့တို့တွင်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့ဝင် ၁၀ ဦးခန့်ကျဆုံးခဲ့သည်ဟု သိရသည်။

ပျူစောထီးအများစုအား စစ်ကောင်စီတပ်ဝတ်စုံများ ဝတ်ဆင်ပေးထားသည့်အတွက် သေဆုံးသူများအားပျူ၊ စစ်သား ခွဲခြားနိုင်ခြင်းမရှိကြောင်း Aung San Force-A.S.F တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောသည်။

ကျေးရွာပေါင်း ၁၈၈ ရွာရှိသည့် ပုလဲမြို့နယ်တွင် ပျူစောထီးအင်အားကောင်းပြီး စစ်ကောင်စီတပ်အခြေချထားသည့် ရွာနှစ်ရွာမှာ အိမ်ခြေ ၂၀၀ ခန့်စီရှိသည့် ဇီးဖြူကုန်းကျေးရွာနှင့် အင်မထီးကျေးရွာတို့ဖြစ်သည်။

ထိုနှစ်ရွာရှိ ပျူ‌‌စောထီးအဖွဲ့မဟုတ်သည့် ဒေသခံများမှာ ရွာအတွင်း နေထိုင်ခြင်း မရှိတော့ပေ။

"ဒီရွာတွေမှာတော့ ပြည်သူတွေက ကိုယ့်အိုးအိမ်မှာမနေနိုင်တော့တာအတော်ကြာပြီ အချို့ဆို တောထဲမှာပဲ တဲထိုးပြီးနေတော့တယ်" ဟု ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် ရွာမှ ရွာခံများ၏ အခြေအနေကို ဒေသခံတစ်ဦးကပြောပြသည်။

ထို့အပြင် ပျူစောထီးဆိုသူများသည် NLD ထောက်ခံသူနှင့် တော်လှန်ရေးသမားများ၏ နေအိမ်များအား စစ်ကောင်စီတပ်သားများနှင့်ပူးပေါင်းကာ နေအိမ်များအား ချိပ်ပိတ်ခြင်းများ ဖျက်ဆီးလုယက်ခြင်းများပြုလုပ်လေ့ရှိကြသည်။

"ပျူတွေရှိတဲ့ရွာတွေဆိုရင် အရင်ကလို သွားရေးလာရေးအဆင်မပြေတော့ဘူး လမ်းသွားလမ်းလာတွေကို မထင်ရင်မထင်သလို ဆက်ကြေးကောက်သလိုမျိုးပိုက်ဆံတောင်းတာတွေ ဖမ်းဆီးသတ်ဖြတ်တာတွေပိုပြီးလုပ်လာကြတယ်" ဟုပုလဲမြို့ဒေသခံတစ်ဦးကပြောသည်။

စစ်တပ်ထောက်ခံသူ ဒေသခံများအား အခြေပြုကာ ပြည်သူ့စစ်ဗျူဟာဖြင့် တန်ပြန်ထိုးနှက်တိုက်ခိုက်လာသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့ဗျူဟာအား Aung San Force-A.S.F တပ်ဖွဲ့ တာဝန်ရှိသူအနေဖြင့် အောက်ပါအတိုင်း သုံးသပ်သည်။

"သူတို့ရဲ့တန်ပြန်ဗျူဟာက ကျွန်တော်တို့အတွက် တော်တော်အန္တရာယ်ရှိတယ် နယ်မြေခံချင်းလည်းဖြစ်တယ် သတင်းကွန်ရက်လည်း တန်းတူရရှိတဲ့အတွက်သူတို့ကအဲ့ဒီအားသာချက်ကို အသုံးချနေတဲ့အတွက် အားပိုကောင်းလာရင် ရင်ဆိုင်ရတာပိုခက်ခဲသွားမယ် ဒါကြောင့် ကျွန်တော်တို့်မှာ သာလွန်အင်အားရှိတယ်ဆိုရင်တော့ သူတို့အခြေချကတည်းက အမြစ်ပြတ်အောင် တစ်ခါတည်းချေမှုန်းတာကောင်းပါတယ်" ဟု ၎င်းကသုံးသပ်ပြောဆိုသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ပျူစောထီးအဖွဲ့အင်အားကောင်းသည့် အခြားဒေသများမှာ တန့်ဆည်မြို့နယ်နှင့် ကန့်ဘလူမြို့နယ်ရှိကျေးရွာများဖြစ်သည်။

ကန့်ဘလူမြို့နယ်တွင် ရီးဒွေး၊မှော်တော်၊တောက္ကရှပ်၊ကံရိုး၊တင်ငုတ်ကြီးရွာနှင့် တန့်ဆည်မြို့နယ် ကျွန်းလယ်ရွာတို့တွင် ပျူစောထီးများခြေကုပ်ယူကာ စခန်းချထားကြသည်။

ဇန်နဝါရီ ၈ ရက်နေ့က မှော်တော်ရွာသို့တစ်ကြိမ်နှင့်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကျွန်းလည်ရွာသို့ တစ်ကြိမ်စစ်ကောင်စီတပ်ရဟတ်ယာဉ် ဆင်းသက်ခဲ့ပြီး ပျူစောထီးသင်တန်းဆင်းများအား လက်နက်ပစ္စည်းလာရောက်ပေးအပ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များအရသိရသည်။

ထိုသို့ လက်နက်အချို့ရှိနေသည့် ပျူစောထီးတပ်ဖွဲ့ဝင်များသည် မှော်တော်ရွာတွင် သေနတ်ပစ်ဖောက်ကာ ရွာခံများကို မကြာခဏရန်စနေကြောင်း ဒေသခံတဦးက ပြောပြသည်။

ဇန်နဝါရီ ၂၄ ရက် နေ့တွင်လည်း တန့်ဆည်မြို့၊ မဟာမြိုင်ရပ်ကွက်နေ NLD အားပေးထောက်ခံသူ မိသားစုဝင်သုံးဦးအား ကျွန်းလည်ရွာအနီးတွင် ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများမှ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ အသက် ၅၅ နှစ်ကျော်အရွယ် ခင်ပွန်းဖြစ်သူ ဦးမျိုး၊ ဇနီးဖြစ်သူ ဒေါ်တင်မာအေး နှင့် အသက် ၂၆ နှစ်အရွယ် သားဖြစ်သူ ကိုအာကာမျိုးတို့ဖြစ်ကြောင်း သိရသည်။

"အဲနေ့က ကျွန်းလည်နှင့် မိုးကောင်းရွာကြားမှာ စပါးသွားဝယ်ကြတာ၊ သူတို့သားအမိ ၃ ဦးပဲသွားတာ၊ ဘာလက်နက်မှလည်း ပါမသွားဘူး။ ညနေမှာ အဖမ်းခံရတယ်ပြောတယ်၊ ရိုက်နှက်စစ်ဆေးပြီး သတ်ပစ်လိုက်တာ" ဟု ဆွေးမျိုးတော်စပ်သူတစ်ဦးမှ ပြောသည်။

ကန့်ဘလူဘက်တွင်လည်း ပျူစောထီးများသည် ကျွန်းလည်၊ ကဘဲ၊ ဘေရင်းရွာရှိ ပျူစောထီးများနှင့် ပူပေါင်းကာ ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပျူစောထီးသင်တန်းများ အတင်းအဓမ္မ တက်ခိုင်းနေ‌ခြင်းကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly