Mytel တာဝါတိုင်း ဗုံးကွဲမှု ဒေသခံများ ဖမ်းဆီးခံရ၊ ကင်းစောင့်နေရ

By သတင်းနှင့် မီဒီယာ ကွန်ရက်
30 January 2022
Mytel တာဝါတိုင်း ဗုံးကွဲမှု ဒေသခံများ ဖမ်းဆီးခံရ၊ ကင်းစောင့်နေရ

ဇန်နဝါရီ ၃၀

Mytel ဖုန်းတာဝါတိုင် ဗုံးဖေါက်ခွဲခံရမှုနှင့် ပတ်သက်၍ ဧရာဝတီတိုင်းအတွင်း ဒေသခံအချို့ ဖမ်းဆီးခံနေရပြီး မြို့နယ်အချို့တွင်လည်း တာဝါတိုင် လုံခြုံရေးအတွက် ရွာသားများအား ညစဉ်အလှည့်ကျ ကင်းစောင့်ခိုင်းနေသည်ဟု ဒေသခံများက ပြောသည်။

ကျုံပျော်မြို့နယ်၊ ကျားချောင်းကျေးရွာရှိ Mytel ဖုန်းတာဝါတိုင် ဗုံးဖောက်ခွဲခံရမှုနှင့်ပါတ်သက်ပြီး ဒေသခံ ခြောက် ဦးဖမ်း ဆီးခံထားရသည် ဟု သိရသည်။

"စစ်ဗိုလ်က စစ်မေးစရာရှိလို့ ဖမ်းတာလို့ပြောတယ်။ သုံး ရက်ရှိပြီ။ ပြန်လွတ် မလာသေးဘူး" ဟု အုပ်ချုပ်ရေး အဖွဲ့ နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

ကျားချောင်းကျေးရွာက Mytel ဖုန်းတာဝါတိုင် ဇန္နဝါရီလ ၂၇ ရက်နေ့ နေ့လည်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျားချောင်းကျေးရွာအုပ်စု ဝန်းကျင်ရှိ ကျေးရွာအချို့ မှ လူလတ်ပိုင်း အမျိုးသား ၆ ဦး ကို ကျုံပျော်မြို့ရှိ စစ်ကောင်စီ၏ အထိုင်တပ်က ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ဖုန်းတာဝါတိုင် အောက်ခြေရှိ ဆက်သွယ်ရေးစက်များ၊ ဝါယာကြိုးများ၊ ဝိုင်ဖိုင်စက် များ ပျက်စီးသွားသည်ဟု သိရသည်။

ထို့အပြင် ဧရာဝတီတိုင်း မအူပင်မြို့နယ်အတွင်းက ကျွဲဒုန်းကျေးရွာရှိ Mytel ဖုန်းတာဝါတိုင် ဖျက်ဆီးခံရပြီး တပတ်အကြာတွင် လုံခြုံရေးအတွက်ဟုဆိုကာ ဒေသခံ ရွာသားများကို စစ်ကောင်စီက ညစဉ်အလှည့်ကျ ကင်းစောင့်ခိုင်းထားသည်ဟု သိရသည်။

ဇန္နဝါရီ ၂၀ ရက်နေ့ က ကျွဲဒုန်းရွာရှိ Mytel ဖုန်းတာဝါတိုင် အမည်မသိသူများ၏ ဖျက်ဆီးခြင်းခံရပြီးနောက် ညစဉ် တစ်ညလျှင် ရွာသား ခြောက် ဦးစီ အလှည့်ကျ ကင်းစောင့်ပေး နေရပြီး ကင်းစောင့်မပေးနိုင်သည့် မိသားစုများကို စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက ငွေ ၃၀၀၀ ကျပ် ဒဏ်ရိုက်သည်ဟု ရွာသားများက ပြောသည်။

"ကျွဲချိုဖြားတောင် အေးတယ်ဆိုတဲ့ ပြာသိုလလိုမျိုးမှာ အမိုး၊ အကာမရှိတဲ့ ကွင်းပြင်မှာ ရွာအကျိုး စီးပွားလည်း မဟုတ်။ ကိုယ့် အကျိုးစီးပွားလည်း မဟုတ်။ ကင်းစောင့် နေပေးရတာ ဘယ်လောက် ဒုက္ခရောက် ကြလဲ ဆိုတာ ကြည့်ပေါ့" ဟု ဒေသခံရွာသား တစ်ဦးက ပြောသည်။

ယင်း Mytel ဖုန်းတာဝါတိုင် ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ ဖျက်ဆီးသူများ ထွက်ပြေးလွတ်မြောက် သွားသော် လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာအတွင်း သေနတ်များ ပစ်ဖောက်ကာ မသက်ဆိုင်သည့် ဆိုင်ကယ်စီး ခရီးသွား ခြောက် ဦးကိုလည်း ဖမ်းဆီးခဲ့သည်။

ထို့အပြင် တာဝါတိုင် စိုက်ထူခွင့်ပြုသည့် ခြံပိုင်ရှင်ကိုလည်း ဖမ်းဆီးကာ ငွေကျပ် ၁၀ သိန်း တောင်းယူ၍ ပြန် လွှတ်ပေးခဲ့သည်ဟု ရွာခံများက ပြောသည်။

မအူပင်မြို့ခံ ကိုကိုလင်းက "စစ်တပ်နဲ့ရဲက မြို့ပေါ်မှာရော ရွာတွေမှာရော အကြောင်းအမျိုးမျိုးပြပြီး ဖမ်းတယ်။ ငွေတောင်း ပြန်လွှတ်တာရှိတယ်။ တချို့လည်း ငွေတောင်းပြီး မလွှတ်တာတွေ ရှိတယ်" ဟု ပြောသည်။

မအူပင်မြို့နယ်အတွင်း Mytel ဖုန်းဆက်သွယ်ရေး စက်များအား အခြားတာဝါတိုင်များ၌ ပူးတွဲ ကပ်ချိတ်ထား သည့် ဖုန်းတာဝါတိုင်မပါ သီးသန့် Mytel ဖုန်းတာဝါတိုင် ၃၀ ကျော် ရှိသည့် အနက် တာဝါတိုင် ငါး တိုင် ဖျက်ဆီး ခံထားရသည်ဟု Mytel ဖုန်းဆက်သွယ်ရေးလုပ်ငန်း နှင့် နီးစပ်သူ အချို့ထံမှ သိရသည်။

အလားတူ ဧရာဝတီတိုင်းတစ်တိုင်းလုံးတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ တလခန့်အတွင်း မိုင်းတဲဖုန်းတာဝါတိုင် ငါးတိုင် ထက်မနည်း ဖောက်ခွဲ မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ မသင်္ကာမှုဖြင့် ဖမ်းဆီးခံထားရသူ ၄၈ ဦးဝန်းကျင်ခန့် ရှိနေပြီဟု စုံစမ်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly