ဦးသိန်းစိန် နိုင်ငံတော် သမ္မတအိမ်တော်မှ ပြောင်းရွှေ့

ဦးသိန်းစိန် နိုင်ငံတော် သမ္မတအိမ်တော်မှ ပြောင်းရွှေ့

နေပြည်တော်၊ ဇန်နဝါရီ ၁၂ ။ ။ လက်ရှိ နိုင်ငံတော်သမ္မတဖြစ်သူ ဦးသိန်းစိန်သည် နိုင်ငံတော်သမ္မတ အိမ်တော်မှ ပြောင်းရွှေ့သည်မှာ မှန်ကန်ကြောင်း နှင့် ပြောင်းရွှေ့သွားသည်မှာ ကြာပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မဇ္ဈိမကို အတည်ပြုပြောကြားခဲ့သည်။

ဦးဇော်ဌေးအား ယနေ့နံနက်ပိုင်းက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ “ ဒီနေ့မပြောင်းပါဘူး၊ ပြောင်းတာကြာလှပြီ။ ကြာပြီဗျ အဲ့လိုပဲပြောလို့ရမယ် ” ဟု ပြန်လည်ဖြေကြားခဲ့သည်။ သို့သော် အချိန်ကာလ အတိအကျ နှင့် မည်သည့် နေရာသို့ ပြောင်းရွှေ့သွားသည်ကိုမူ ၎င်းက ပြောကြားခြင်းမရှိပေ။

၂၀၁၀ ရွေးကောက်ပွဲတွင် ကြံခိုင်ရေးပါတီ အနိုင်ရရှိကာ သမ္မတဖြစ်ခဲ့သည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နိုင်ငံတော်မှ အဆောင်အယောင်အဖြစ် ပေးအပ်သည့် သမ္မတအိမ်တော်တွင် နေထိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ရရှိခဲ့သည် နိုင်ငံတကာမှ ပေးအပ်ခဲ့သည့် လက်ဆောင်ပစ္စည်းများကိုလည်း ၎င်းက နေပြည်တော်ရှိ အမျိုးသားပြတိုက်တွင် ပြသထားသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည်လည်း ပြီးခဲ့သည့် လပိုင်းအတွင်းက ပြည်ထောင်စုလွှတ်တော်နာယက နေအိမ်မှ သူ၏ပစ္စည်းများကို စတင်ပြောင်းရွှေ့ခဲ့ပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ရလဒ်အရ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတတစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နှင့် ရခိုင်ပြည်နယ်မှလွဲ၍ (ဝန်ကြီးချုပ်ခန့်အပ်နိုင်လောက်သည့် ရာခိုင်နှုန်းဖြင့် NLD အနိုင်မရခဲ့) တိုင်းဒေသကြီးပြည်နယ် ဝန်ကြီးချုပ်များကို ခန့်အပ်ပိုင်ခွင့် ရှိနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly