မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်းသာ တိုးတက်နိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်းသာ တိုးတက်နိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

ဇန်နဝါရီ ၂၆

မြန်မာ့စီးပွားရေးသည် စက်တင်ဘာလအထိ လက်ရှိ ၂၀၂၂ ဘဏ္ဍာနှစ်တွင် ၁ ရာခိုင်နှုန်းမျှသာ တိုးတက်နိုင်ကြောင်း ကမ္ဘာ့ဘဏ်က ယင်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်က ဇန်နဝါရီ ၂၆ ရက်တွင် မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာတွင် ယမန်နှစ် စစ်အာဏာသိမ်းမှု၊ လက်ရှိဖြစ်ပွားဆဲ ကပ်ရောဂါတို့နောက်ပိုင်း မြန်မာနိုင်ငံအတွက် မျှော်လင့်အားရဖွယ် မကောင်းလှသည့် အလားအလာ ခန့်မှန်းချက်တစ်ခုကိုသာ ဆက်လက် ခန့်မှန်းထားသည်။
မြန်မာ့စီးပွားရေးသည် ယမန်နှစ် စက်တင်ဘာအထိ ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ၁၈ ရာခိုင်နှုန်း ကျုံ့ခဲ့ပြီး ၂၀၂၂ စက်တင်ဘာအထိ လက်ရှိဘဏ္ဍာနှစ်တွင် ၁ ရာခိုင်နှုန်းသာ တိုးတက်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။

ကပ်ရောဂါနှင့် အာဏာသိမ်းမှုတို့၏ ရိုက်ခတ်မှုများသာ မရှိခဲ့ပါက မြန်မာ့စီးပွားရေးသည် ၃၀ ရာခိုင်နှုန်း ပိုမိုကြီးမားနေခဲ့နိုင်သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြသည်။

"ဧရိယာတချို့မှာ မကြာသေးခင်က တည်ငြိမ်မှု ရှိတဲ့ လက္ခဏာတွေကို အလေးအနက် ထည့်သွင်းစဉ်းစားထားခဲ့ပေမယ့် ခန့်မှန်းချက်ကတော့ အလွန်တရာ အားနည်းနေတဲ့ စီးပွားရေးတစ်ခုအဖြစ် ဆက်လက်ခန့်မှန်းထားဆဲဖြစ်ပါတယ်" ဟု ကမ္ဘာ့ဘဏ်က ယင်း၏ အစီရင်ခံစာကို ထုတ်ပြန်ရင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။

"စီးပွားရေးဆိုင်ရာ သက်ဝင်လှုပ်ရှားမှုဟာလည်း ရောင်းအား၊ ဝယ်အား နှစ်ခုစလုံးမှာ ကြီးကြီးမားမားဖြစ်တဲ့ အားနည်းမှုတွေရဲ့ ရိုက်ခတ်မှုကို ဆက်လက်ကြုံနေရပါတယ်၊ ရောင်းအားနဲ့ အကျိုးအမြတ်ပိုင်းမှာ များများစားစား လျော့ကျနေတာတွေ၊ ငွေလည်ပတ်မှု ပြတ်တောက်မှုတွေနဲ့ ဘဏ်စနစ် နဲ့ အင်တာနက်ဝန်ဆောင်မှုတွေကို လုံလုံလောက်လောက် အသုံးပြုနိုင်မှု မရှိတာတွေကို လုပ်ငန်းကုမ္ပဏီတွေက ဆက်လက်ထုတ်ဖော်နေကြပါတယ်"

၂၀၂၁ ဖေဖေါ်ဝါရီ အာဏာသိမ်းမှုက စီးပွားရေးအပေါ် အကြီးအကျယ် သက်ရောက်ထိခိုက်စေခဲ့သည်။ အနောက်နိုင်ငံများသည် ဒဏ်ခတ်အရေးယူမှုများဖြင့် မြန်မာစစ်အာဏာသိမ်းမှုအပေါ် တုံ့ပြန်ထားခဲ့ပြီး အရပ်သားများအပေါ် အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်ခြင်းကို ဆန့်ကျင်သည့်အနေဖြင့် အဓိက နိုင်ငံတကာ ကုမ္ပဏီအများအပြားလည်း မြန်မာနိုင်ငံတွင် လုပ်ငန်းများကို ရပ်စဲမည့် အစီအစဉ် များကို ကြေညာထားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် အပြစ်မဲ့အရပ်သား ၁,၅၀၀ နီးပါး အသတ်ခံခဲ့ရပြီး လူပေါင်း ၁၁,၇၀၀  ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောသည်။ အာဏာသိမ်းပြီးနောက် ယမန်နှစ်အတွင်း ပြည်သူ ၇၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာခဲ့ကြရသည်ဟု နိုင်ငံတကာ နေရပ်စွန့်ခွာမှုဆိုင်ရာ စောင့်ကြည့်မှုစင်တာအရ သိရသည်။

၂၀၂၂ ခုနှစ်အတွက် စိန်ခေါ်မှုများထဲတွင် ကပ်ရောဂါနှင့် နိုင်ငံရေး ပဋိပက္ခများ ဖြစ်ပေါ်နေမှုနှင့်အတူ လျှပ်စစ်၊ ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှု နှင့် ဒစ်ဂျစ်တယ် ဆက်သွယ်မှု ကဲ့သို့ အဓိကကျသည့် လုပ်ငန်းများအပေါ် အလျဉ်ပြတ်တောက်စေမှုများ ပါဝင်နေကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုအောက် နေထိုင်နေကြရသည့် ပြည်သူဦးရေသည် ကပ်ရောဂါမတိုင်မီ လယ်ဗယ်များကထက် နှစ်ဆတိုးလာနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။

အလုပ်လက်မဲ့မှုနှုန်းနှင့် နေရပ်စွန့်ခွာမှုပိုင်းတွင် မြင့်တက်ထားခဲ့သည့်အပြင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းနှင့်အတူ သွင်းကုန်တင်သွင်းရမှုပိုင်းတွင်လည်း ပိုမို စရိတ်စက ကြီးမားလာနေခဲ့သည်။

"မြန်မာနိုင်ငံက ပြည်သူအများစုအတွက် အခြေအနေနဲ့အလားအလာက ဆက်ပြီးတော့ တော်တော်လေး စိုးရိမ်ပူပန်စရာကောင်းနေဆဲပါ" ဟု မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုဆိုင်ရာ ကမ္ဘာ့ဘဏ်၏ ဌာနေညွှန်ကြားရေးမှူး မာရီယမ် ရှားမန်က ပြောသည်။

"မကြာခင်က ပဋိပက္ခ တိုက်ပွဲတွေ အရှိန်မြင့်နေတာက စိုးရိမ်ပူပန်စရာ ကောင်းပါတယ်၊ လူသားချင်းစာနာမှု ရှုထောင့်ကနေ ကြည့်ကြည့်၊ စီးပွားရေး လှုပ်ရှားလုပ်ကိုင်မှုအတွက် ဂယက်ရိုက်ခတ်မှုတွေဘက်ကနေပဲ ကြည့်ကြည့်ပေါ့" ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly